မန္တလေးခရိုင်ခုနစ်မြို့နယ်အနက် ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုအများဆုံးဖြစ်ပေါ်

Author အညာသား
Categories
Published on Apr 12, 2024

မန္တလေးမြို့တွင် ယခုရက်ပိုင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်များမကြာခဏဖြစ်ပေါ်လျက်ရှိပြီး မီးလောင်မှုများအနက် ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုအများဆုံးဖြစ်ပေါ်လျက်ရှိကြောင်း မီးလောင်မှုမှတ်တမ်းများအရ သိရသည်။

 

ယမန်နေ့ ဧပြီ ၁၂ရက်၊ ၁၂နာရီ ၁၇မိနစ်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ် ၆၈လမ်း မင်္ဂလာကန်လမ်းရှိ စိန်ကမ္ဘာ ချည်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီ ၉ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ် ၆၈လမ်း ၁၂၀လမ်းတွင် လူနေအိမ်အချို့ မီးလောင်ခဲ့ကြောင်း၊ ဧပြီ ၇ရက်တွင် ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ် ၆၈လမ်း၊ ၁၂၅လမ်းနှင့် ၁၂၆လမ်းကြားရှိ စက္ကူစက်ရုံမီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ဧပြီ ၁ရက်တွင် ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက် ၆၅လမ်း၊ ၁၃၉လမ်းရှိ စာရေးကိရိယာဆိုင်နှင့်ဘော်ဒါဆောင်တစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်များတွင် စက္ကူစက်ရုံနှင့် ချည်စက်ရုံမီးလောင်မှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်သည် စက်မှုဇုန်အပါအဝင် အခြားသောစက်ရုံလုပ်ငန်းများ အများစုတည်ရှိသည့် မြို့နယ်ဖြစ်သည်။

 

မန္တလေးမြို့တွင် ယင်းကဲ့သို့ မီးလောင်မှုများ မကြာခဏဖြစ်ပေါ်ခြင်းနှင့်အတူ ပူပြင်းခြောက်သွေ့ပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်တတ်သော ရာသီဥတုဖြစ်သည့်အတွက် မီးနှင့်လေဘေးအန္တရာယ်အား အထူးဂရုစိုက်ရန် မီးသတ်ဌာနမှ သတိပေးနိုးဆော်မှုများလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

 

ဓာတ်ပုံ – Than Htay