အမျိုးသမီး ဒရုန်းတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း စစ်သားလေးဦးသေဆုံး

Author မင်းထက်
Categories
Published on Apr 12, 2024

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ ရဲစခန်းကို မြိတ်ခရိုင်တပ်ရင်း ၁ အမျိုးသမီး ဒရုန်းတပ်ဖွဲ့မှ  ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ စစ်သား လေးဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ဧပြီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ တပ်ဆွဲထားရာ ပလမြို့ရဲစခန်းကို T2 Special Drone Force က ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊  တိုက်ခိုက်မှုကြောင့်  စစ်ကောင်စီတပ်သား လေးဦး သေဆုံးကာ အခြား ထိခိုက်မှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

 

အဆိုပါ စစ်ဆင်ရေးတွင် မြိတ်ခရိုင်တပ်ရင်း (၁) ရှိ အမျိုးသမီး ရဲဘော် ဒရုန်းတပ်ဖွဲ့ဝင်များ ကိုယ်တိုင် စစ်ဆင်ရေး၌ ပါဝင်ဆင်နွှဲလျက် ရှိကြောင်းသိရသည်။

 

“အခုစစ်ဆင်ရေးတင်မဟုတ်ဘူး  အရင် စစ်ဆင်ရေးတွေမှာလည်း ပါဝင်ခဲ့တာ ရှိပါတယ်။ အခုနောက်ပိုင်း ဒရုန်းစစ်ရေးတွေမှာ တာဝန်ထမ်းဆောင်ကြတာ အဓိကအားဖြင့် အမျိုးသမီး ရဲဘော်တွေ ခင်ဗျ၊ ပလမြို့မှာဆို အကြမ်းဖက်စစ်ကောင်စီတပ် အဓိက တပ်စွဲတဲ့ နေရာဖြစ်နေလို့ တိုက်ခိုက်ခဲ့တာပါ” ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း တာ၀န်ရှိသူက ပြောသည်။

 

ယင်း ဒရုန်းစစ်ဆင်ရေးတွင် ရဲစခန်းအတွင်းရှိ အဆောက်အအုံများကို အဓိကပစ်မှတ်များအဖြစ် သတ်မှတ်ကြဲချခဲ့ကြောင်း ၊ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများမှာ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း