စစ်ရှောင်ဇနီးမောင်နှံနှစ်ဦး ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးလျှက်တွေ့

Author CJ Platform
Categories
Published on Feb 13, 2026

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ရှောင်ရင်း စိုက်ပျိုးရေးလုပ်ကိုင် နေထိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးကို သူတို့နေထိုင်ရာ ယာတဲမှာပဲ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းမှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

သေဆုံးသူတွေဟာ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာဒေသခံတွေဖြစ်ပြီး စစ်အုပ်စုရန်ကြောင့် သူတို့ပိုင်ဆိုင်ရာ ယာတဲမှာ တိမ်းရှောင်နေထိုင်သူတွေဖြစ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်၊ ညပိုင်းမှာ သတ်ဖြတ်ခံရတာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

 

“၁၂ ရက် မနက်ပိုင်းမှာ သိကြတာပါ။ တောထဲဆိုတော့ ဘယ်သူမှ မသိဘူး။ အဲဒီလင်မယားနှစ်ယောက်က လယ်တောမှာ အိပ်တာ၊ နှမ်းကြဲနေတဲ့အချိန် ရေတင်နေတာပါ။ ရွာထဲက စကစစခန်း ရှိတာဆိုတော့ နေမဖြစ်လို့ လယ်တောထဲ တဲဆောက်ပြီး နေတာပါ။ ပေါက်ပြားနဲ့ ထုသတ်သွားတာ” လို့ အသက် ၅၀ ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရွာသာကြီးဒေသခံ ဇနီးမောင်နှံနှစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံတွေကိုတော့ ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ မနက်ပိုင်းထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။

 

“လောလောဆယ် သိရတာက ပေါက်ပြားနဲ့ ထုသတ်သွားတာလို့ သိရတာ။ ညပိုင်း သားလုပ်တဲ့သူကတော့ အဲဒီညက ပြန်မအိပ်တော့ မပါသွားဘူးပေါ့။ သူတို့က ရန်ငြိုးရန်စ ကြီးကြီးမားမားလည်း ဘယ်သူ့အပေါ်မှ မရှိဘူး။ ရန်ဖြစ်တာတွေလည်း မရှိဘူးဆိုတော့ ရေယူရင်းနဲ့ ဖြစ်တာလားပေါ့။ ရေယူတယ်ဆိုရအောင်လည်း ရေက တအားကြီး အရေးမကြီးသေးဘူး၊ မယူလည်းဖြစ်သေးတဲ့ အနေအထားပါ” လို့ အခြားဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ ရရှိနိုင်ဖို့ကိုတော့ CJ Platform အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

ဝက်လက်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ကျောင်းသားရဲဘော်၊ ပအဖအဖွဲ့ဝင်တွေနဲ့ အခုလို ဒေသခံပြည်သူတွေ ဆက်တိုက်လုပ်ကြံ သတ်ဖြတ်ခံရတာတွေ ရှိနေတာကြောင့် ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ကာ ကိုင်တွယ်ဖြေရှင်းပေးဖို့ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနထံ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂက မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ဝက်လက်နယ် ထိန်းချုပ်နယ်မြေအတွင်းမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရွာသာကြီးကျေးရွာ ပြည်သူနှစ်ဦး သတ်ဖြတ်ခံရတဲ့အမှုအပါအဝင် ၂၀၂၆ ဇန်နဝါရီ ၂၂ ရက်က ကျီးကန်ရွာ လမ်းကော်မတီဝင် ပွဲစားအီစွပ်၊ ၂၀၂၄ ခုနှစ် ဇူလိုင် ၈ ရက်က ကျောင်းသားရဲဘော် မြင့်မြတ်ဦး၊ ၂၀၂၅ ခုနှစ် မေ ၂၄ ရက်က မြို့နယ်ပအဖရုံးအဖွဲ့ ကိုမျိုးအောင်၊ စက်တင်ဘာ ၁၂ ရက်က ကျီးကန်ရွာပအဖ ဦးမင်းသန့် စတဲ့ လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်နေကြရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့