လောင်းကစားဝိုင်းတွေ လုပ်ဆောင်ပြီး ပြည်သူကို လက်နက်ပြခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာက ဇီးကန်ရွာ ပကဖကို ဒေသခံတွေ တိုင်ကြား
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ဇီးကန်ကျေးရွာမှာ လောင်းကစားဝိုင်းတွေ လုပ်ဆောင်နေပြီး အရပ်သားပြည်သူကို လက်နက်ပြ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ ရပ်ကျေးပကဖ ခေါင်းဆောင်ဖြစ်သူနဲ့ အဖွဲ့ဝင်တစ်ဦးကို ဒေသခံတွေက တာဝန်ကနေ ဖယ်ရှားပေးစေရေးနဲ့ အရေးယူဆောင်ရွက်ပေးဖို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ နှစ်လခန့်က တိုင်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ ကျေးရွာ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင် ဦးမောင်နိုင်နဲ့ တပည့်ဖြစ်သူ ကိုမျိုးသူတို့ဟာ ကျေးရွာအတွင်း လောင်းကစားဝိုင်း၊ ကြက်ဝိုင်းတွေ လုပ်ဆောင်တာနဲ့ ပြည်သူတွေကို လက်နက်ပြခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတွေ စုပေါင်းတိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဒီပုံစံအတိုင်းက တာဝန်တွေ မပေးသင့်တော့ဘူး၊ ဒီနေရာမှာ ဆက်ရှိနေရင်တော့ သူ့လုပ်ဆောင်ချက်တွေက ဘာမှအကျိုးမရှိဘူး၊ သူတို့က အာဏာရှိတဲ့သူ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေဆိုတော့ ကိုယ်က ပြည်သူဆိုတော့ ဘာမှလည်း မပြောရဲဘူးလေ။ ဒီတိုင်းပဲ ကြည့်နေရတာ။ ဒါကြောင့်ပဲ အပြောင်းအလဲလုပ်ပေးဖို့၊ အရေးယူပေးဖို့ တိုင်ကြားထားတာပါ” လို့ ဇီးကန်ကျေးရွာဒေသခံ အသက် ၆၀ ကျော် အမျိုးသားတစ်ဦးက CJ Platform ကို ပြောခဲ့ပါတယ်။
ဒေသခံတွေက ကျေးရွာပကဖ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တစ်ဦးရဲ့ လုပ်ရပ်တွေကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို တိုင်ကြားခဲ့ပြီး တော်လှန်ရေးကို ခုတုံးလုပ်ကာ ကျေးရွာအတွင်း ကြက်ဝိုင်း၊ ဖဲဝိုင်းတွေ လုပ်ဆောင်တာကြောင့် တော်လှန်ရေး သိက္ခာကျစေနိုင်ကြောင်း၊ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ တိုင်ကြားစာမှာ ဆိုထားပါတယ်။
“လက်ရှိကတော့ စစ်ရေးရှိနေတော့ လောင်းကစားဝိုင်းတွေ မလုပ်ဘူး။ လက်ရှိကတော့ အမှုစစ်ဆေးနေဆဲပဲ။ စစ်ဆေးနေစဉ်ကာလမှာကို ကြက်ဝိုင်းကတော့ စနေ၊ တနင်္ဂနွေဆို ပုံမှန်ကျင်းပနေတုန်းပဲ” ဟု အထက်ပါအမျိုးသားက ဆက်လက်ပြောပါတယ်။
ဒါ့အပြင် ကျေးရွာပကဖ ဖြစ်သူဟာ ရပ်ရွာအတွင်း အကြောင်းမဲ့ သေနတ်ပစ်ဖောက်မှုတွေကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်တာ၊ ရပ်ရွာရေးအတွက် စည်းဝေးလုပ်ကိုင်တဲ့ နေရာတွေမှာပါ လက်နက်နဲ့ လာရောက်နှောင့်ယှက်တာ၊ ဒေသခံတွေအပေါ် ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေအပြင် ခရီးသွားပြည်သူတွေကိုပါ ခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
“အရင်လပိုင်းကတည်းက မိုးရွာတော့ ဂိတ်က ကလေးတွေက ဟိုအိမ်ကပ် ဒီအိမ်ကပ် ကပ်ရှာတာပေါ့။ ကားသမားက မသိရှာတာကြောင့် ဂိတ်မှာ လူမရှိတော့ မောင်းသွားတာပေါ့။ မောင်းသွားတာကိုမှ ညက်ညက်ကလေး။ သူတို့က ရွာထဲကနေ ဆင်းလာချိန် မြင်သွားတာပေါ့၊ အဲဒါကို သေနတ်နဲ့ ၂ ချက် ၃ ချက်လောက် ဖောက်ပြီးတော့ ခေါ်တာ။ ကားသမားလေးကလည်း ကြောက်ကြောက်လန့်လန့် နောက်ကို ဆုတ်လာတာပေါ့။ ဂိတ်ရောက်တော့လည်း ကားသမားက အသက် ၆၀ လောက်ရှိပါပြီ၊ ဘိုးတော်ကြီးကို ဘာမပြော ညာမပြော အတင်းဆွဲချပြီး ထိုင်ထ ၁၀၀ ကျော်လောက် လုပ်ခိုင်းပြီး ဒဏ်ငွေလည်း ရိုက်ခဲ့တယ်“ လို့လည်း မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြန်လည်ပြောပါတယ်။
ဒီလို ခြိမ်းခြောက်မှုတွေ မတရားမှုတွေကြောင့် ရပ်ရွာဒေသခံ ကိုယ်စား ဒေသခံ ၄၀ ခန့်က လက်မှတ်ထိုးပြီး ရွှေဘိုခရိုင် ပကဖဆီကို တိုင်ကြားခဲ့ပြီးနောက် ရေဦးမြို့နယ် ပကဖဆီ အမှုဆောင်ရွက်ဖို့ လွှဲပြောင်းခဲ့ကြောင်း၊ ရေဦးပကဖ အနေနဲ့လည်း အမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ ဆောင်ရွက်လျက်ရှိပြီး အခုက ဒီဇင်ဘာ ပထမပတ်ထဲမှာလည်း ဒေသခံတွေကို ခေါ်ယူမေးမြန်း စစ်ဆေးတာ ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဇီးကန်ကျေးရွာ ပကဖကို ဒေသခံတွေ တိုင်တန်းမှုနဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် ပကဖနဲ့ ရေဦးမြို့နယ် ပကဖအဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ CJ Platform အနေနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ဇီးကန်ကျေးရွာအတွင်း လောင်းကစားဝိုင်း ပြုလုပ်နေပုံ
