ဦးခင်ရီက ရွေးကောက်ပွဲနီးမှ ပါတီဝင်ဖြစ်လာတဲ့ ဘောင်းဘီချွတ် ကိုယ်စားလှယ်လောင်းတွေကို ခွဲခြား ဆက်ဆံနေသလား


စစ်တပ်နောက်ခံ ပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ရက်နီးကာမှ စစ်တပ်ကနေ ပါတီဝင်ဖြစ်လာပြီး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ဘောင်းဘီချွတ် ကိုယ်စားလှယ်လောင်းတွေကို ပါတီဝင်အချို့က မကျေနပ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။

 

CJ Platform အနေနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ Facebook စာမျက်နှာများစွာအနက် ပါတီဗဟိုက အသုံးပြုနေတဲ့ Union Solidarity and Development Party အမည်ရှိ Meta Verified ပါဝင်တဲ့ Facebook Page ကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ပြုချက် ရရှိချိန် အောက်တိုဘာ ၂၈ရက်နေ့ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ စောင့်ကြည့် စိစစ်ထားပါတယ်။

 

CJ Platform ရဲ့ စိစစ်ချက်တွေအရ ကြံ့ခိုင်ရေးပါတီရဲ့ Facebook Page မှာ ပါတီဥက္ကဌ ဦးခင်ရီ၊ ဒုဥက္ကဌ ဦးမြတ်ဟိန်း၊ ဦးသောင်းအေး နဲ့ ကာလကြာရှည် ပါတီတွင်း ပါတီတာဝန် ရယူထားသူတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုများကိုသာ မျှဝေလေ့ရှိပြီး၊ ရွေးကောက်ပွဲ ကျင်းပခါနီးမှ ပါတီအတွင်း ဝင်ရောက်လာပြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံနေတဲ့ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဒုဗိုလ်ချုပ်ကြီး တေဇကျော်၊ ဒုဗိုလ်ချုပ်ကြီး သက်ပုံ၊ ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုဗိုလ်ချုပ်ကြီး စိုးတင့်နိုင် စတဲ့ စစ်တပ်အကြီးပိုင်းရာထူးတွေကနေ ဘောင်းဘီချွတ်ဝင်ရောက်လာသူတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို မျှဝေမထားတာကို တွေ့ရပါတယ်။

 

ထူးခြားမှုအဖြစ် အခု ၂၀၂၅ခုနှစ် ဇူလိုင်လမှာ စစ်အုပ်စုရဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အငြိမ်းစားယူခဲ့သူ ဦးမြထွန်းဦးရဲ့ မဲဆွယ်စည်ရုံးမှုတစ်ခုကိုသာ နိုဝင်ဘာ ၈ ရက်နေ့မှာ မျှဝေထားတာကို တွေ့ရပါတယ်။

 

ဦးမြထွန်းဦးရဲ့ မဲဆွယ်စည်းရုံးမှု Post မှာ အသုံးပြုထားတဲ့ သတင်းဓာတ်ပုံတွေဟာ အခြားသော ပါတီတာဝန်ရယူထားသူ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှု Post တွေနဲ့ နှိုင်းယှဉ်ပါက အရည်အသွေးများစွာ ကျဆင်းနေတာကိုလည်း စိစစ်တွေ့ရှိပါတယ်။

 

ရွေးကောက်ပွဲ နီးကပ်လာချိန်မှ စစ်တပ်ကနေ အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီကနေ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးသက်ပုံ၊ ဦးတင်အောင်စန်းစတဲ့ စစ်တပ်အရာရှိတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကိုတော့ ကိုယ်စားလှယ်လောင်း အသီးသီးရဲ့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ဒေသအလိုက် ပါတီရဲ့ Facebook စာမျက်နှာတွေမှာသာ မဲဆွယ်စည်းရုံးမှုတွေ တွေ့ရှိရပါတယ်။ ဒါ့အပြင် ဥပမာ ဦးသက်ပုံရဲ့ စစ်ကိုင်းမြို့အတွင်း မဲဆွယ်ဆိုင်းဘုတ်တွေမှာ ပါတီဥက္ကဌဖြစ်တဲ့ ဦးခင်ရီရဲ့ ပုံကို ထည့်သွင်းအသုံးမပြုတာကိုလည်း အခြား စစ်တပ်အရာရှိကနေ ကိုယ်စားလှယ်လောင်းလုပ်သူတွေရဲ့ မဲဆွယ် ဆိုင်းဘုတ်တွေမှာပါ တွေ့ရပါတယ်။

 

ဓာတ်ပုံ – USDP

 

 

 

Related News

Depend on news