ဝန်ကြီးဌာနအလိုက် ဘဏ္ဍာရေးစာရင်းတွေကို သေချာ ပြုစုထားပြီး အလွဲသုံးမှုတွေ မဖြစ်အောင် စိစစ်ကြပ်မတ်နေတယ်လို့ ဦးနေဘုန်းလတ် ပြော

Author CJ Platform
Categories
Published on Dec 13, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့အတွင်းမှာရှိတဲ့ ဝန်ကြီးဌာနတွေမှာ ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးစာရင်းတွေကို အလွဲသုံးမှုတွေ မဖြစ်အောင် စိစစ်ကြပ်မတ်နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က CJ Platform ကို ပြောပါတယ်။

 

ဝန်ကြီးဌာနအလိုက် ရရှိတဲ့ ပုံမှန် ဘတ်ဂျက် ဘဏ္ဍာရေးစာရင်းတွေကို စနစ်တကျ ပြုစုထားပြီး ငွေအလွဲသုံးမှုတွေ မဖြစ်ပေါ်အောင် ဝန်ကြီးဌာနအလိုက် ဘဏ္ဍာရေး ရငွေ၊သုံးငွေ လစဉ်ရှင်းတမ်းကိုလည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန (MOPFI) ထံ ပေးပို့ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

 

“ဝန်ကြီးဌာနတွေအနေနဲ့ ပုံမှန်ဘတ်ဂျက်ဖြစ်တဲ့ ကျပ် သိန်း (၁၅၀) ထက်ပိုတဲ့ အသုံးစရိတ် ရှိမယ်ဆိုရင် ဘဏ္ဍာရေး ကော်မရှင်ကို တင်ပြပြီး ဘဏ္ဍာရေး ကော်မရှင်ရဲ့ ခွင့်ပြုချက်ရပြီဆိုရင် MOPFI က ထုတ်ပေးရပါတယ်။ ၁၅၀ ထဲ မပါတဲ့ ထပ်ဆောင်း အသုံးစရိတ်တွေ ရှိရင်လည်း အဲဒီ အသုံးစရိတ် ရှင်းတမ်းကို MOPFI ဆီ ပို့ပေးရပါတယ်” လို့ ဦးနေဘုန်းလတ်က CJ Platform ကို ပြောပါတယ်။

 

NUG ဝန်ကြီးဌာနတွေရဲ့ ဘဏ္ဍာရေးစာရင်းတွေနဲ့ ပတ်သက်ပြီး NUG အစိုးရအဖွဲ့အတွင်း စာရင်းစစ်ချုပ်ကို ထားရှိခဲ့ပေမဲ့ စာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၁ ရက်မှာ နုတ်ထွက်သွားခဲ့တာကြောင့် လက်ရှိ လစ်လပ်နေရာအတွက် လူသစ် ခန့်အပ်ဖို့အတွက် လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

“စာရင်းစစ်ချုပ်က တမင် မခန့်ဘဲ ထားတာမျိုးတော့ မဟုတ်ပေါ့ဗျာ။ ကျွန်တော်တို့က ခန့်ဖို့ အမြဲ ကြိုးစားတယ်။ လူရှာတယ်။ ရှာလို့ မတွေ့တဲ့ဟာမျိုးပေါ့။ အဲဒီဟာမျိုး ကျွန်တော်တို့ ရှိတယ်။ အဲဒီတော့ သင့်တော်တဲ့သူကို ရှာဖွေနေတဲ့ အခြေအနေ ဖြစ်တယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

 

ဘဏ္ဍာရေးစာရင်းတွေ စိစစ်နိုင်ဖို့ စာရင်းစစ်ချုပ်အသစ် ခန့်အပ်နိုင်ခဲ့ပါက လုပ်ငန်းဆောင်တာတွေ အလွယ်တကူ လည်ပတ်နိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် စာရင်းဇယားတွေကို စနစ်တကျ သေချာ ပြုစုထားတာမျိုးတွေလည်း လုပ်ဆောင်ထားတာ ရှိနေလို့ သိရပါတယ်။

 

ဒါ့အပြင် ဝန်ကြီးဌာနတွေအတွင်း လူပုဂ္ဂိုလ်အချို့ကြောင့် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ ရှိနိုင်ပေမဲ့ ငွေအလွဲသုံးမှုတွေ မဖြစ်ပေါ်ဖို့အတွက် စိစစ်ကြပ်မတ် ဆောင်ရွက်နေတာတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး ဌာနအတွင်း ခင်ပွန်းဖြစ်သူနဲ့ တူဖြစ်သူတွေကို ခန့်ထားတာ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုလုပ်ဆောင်တာနဲ့ ငွေကြေးအလွဲသုံးစားမှုတွေ ရှိတယ်လို့ ဝန်ထမ်းဟောင်းတွေရဲ့ စွပ်စွဲတိုင်ကြားမှုတစ်ခုလည်း ထွက်ပေါ်လာခဲ့ဖူးပါတယ်။ အဲဒီ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ NUG ကလည်း သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

 

ဓာတ်ပုံ – NUG Press Office

 

Related News

Depend on news