၅နှစ်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံဆေးခန်း ၁၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့

Author CJ Platform
Categories
Published on Dec 13, 2025

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်း ကျန်းမာရေး အဆောက်အအုံ ၁၃၉ ခုအထိ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန (MoHR) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

မတ်လ ၂၈ ရက် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ဆေးရုံ၊ ဆေးခန်းတွေကို စစ်အုပ်စုက ပစ်မှတ်ထား တိုက်ခိုက်မှု ပိုမိုတိုးမြှင့် လုပ်ဆောင်လာပြီး အင်အားပြင်းငလျင် လှုပ်ခတ်ပြီး သုံးလအတွင်း ဆေးရုံ လေကြောင်းတိုက်ခိုက်မှုဟာ ၃၃ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။

 

MoHR က ပြုစုထားတဲ့ အချက်အလက်တွေအရ အခု ၂၀၂၅ ခုနှစ်အတွင်း ဆေးရုံဆေးခန်း ထိခိုက်ပျက်စီးမှု ၆၃ ခုထိ ရှိခဲ့တာကြောင့် တိုက်ခိုက်ခံရမှုရဲ့ ထက်ဝက်ကျော်ဟာ ငလျင်လှုပ်ခတ်ပြီး သုံးလအတွင်းမှာ အများဆုံး ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ်က စစ်အုပ်စု တိုက်ခိုက်မှုကြောင့် ကျန်းမာရေး အဆောက်အအုံ ၁ ခု ထိခိုက်ပျက်စီးခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၂၆ ခု အထိ မြင့်တက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ ကျန်းမာရေး အဆောက်အအုံ ၄၉ ခု အထိ ထိခိုက်ခဲ့တာကြောင့် ဆေးရုံဆေးခန်းတွေကို စစ်အုပ်စုက ပစ်မှတ်ထား တိုက်ခိုက်မှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာတဲ့ အခြေအနေလည်း ဖြစ်လာပါတယ်။

 

“အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက စစ်ဘက်ဆိုင်ရာနဲ့ မဆိုင်တဲ့ အရပ်ဘက် ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါက စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ ဖြစ်တယ်။ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီအနေနဲ့ သူတို့ကျူးလွန်တဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုအတွက် သူတို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာ ဖြစ်တယ်” လို့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း CJ Platform ကို ပြောပါတယ်။

 

အခုနောက်ဆုံး တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည် မြောက်ဦးမြို့က ပြည်သူ့ဆေးရုံကို တိုက်ခိုက်ခံရမှု အပါအဝင် စစ်ရေးပစ်မှတ် မဟုတ်တဲ့ ကျန်းမာရေး အဆောက်အအုံတွေကို စစ်အုပ်စုက တိုက်ခိုက်မှုနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချမှုတွေ လုပ်ဆောင်ခဲ့ပြီး ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။

 

မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခံရတာ အခုနှစ်အတွင်း ၆၇ ကြိမ်အထိ ရှိလာပြီလို့ ဒီဇင်ဘာ ၁၁ ရက် ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ဖော်ပြောကြားထားပြီး ဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ပြည်သူတွေအတွက် ဆိုးဆိုးရွားရွား ထိခိုက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

 

ကျန်းမာရေး ဝန်ဆောင်မှု ပေးနေတဲ့ နေရာတွေကို အကြိမ်ကြိမ် တိုက်ခိုက်နေတဲ့ စစ်အုပ်စုရဲ့ စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်နဲ့ မညီညွတ်ရုံသာမက စစ်ရေးအရ ရှုံးနိမ့်နေမှုတွေကို သူရဲဘောကြောင်စွာ အပြစ်မဲ့ ပြည်သူလူထုဘက်ကို တုံ့ပြန် အကြမ်းဖက်နေတာ ဖြစ်တယ်လို့လည်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနနဲ့ မိတ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ တယ်လီကျန်းမာတို့ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – KNDF

ပုံစာ – စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရှမ်းတောင်ပိုင်း ဖယ်ခုံမြို့ ဆောင်းဖွေးဆေးပေးခန်းကို ၂၀၂၃ ဧပြီလက တွေ့ရစဉ်

 

Related News

Depend on news