“ရထားပေါ်က အသံများ”

Author ကိုထက်
Categories
Published on Dec 13, 2024

ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “တီးတိုးသံ” ကဏ္ဍမှာ ရန်ကုန်မြို့က ရထားစီးသူတွေနဲ့ စျေးသည်တွေအကြား ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ အသံတွေကို ဖော်ထုတ်ထားပါတယ်။ သူတို့ ဘယ်လိုအခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါသလဲ။ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေပါသလဲ။ ရထားတွေ အဆင့်မြင့်လာတယ်ဆိုပေမဲ့ အားနည်းချက်တွေက ဘာတွေလဲ။

****************************************

 

“အခုရထားသစ်က အချိန်စာရင်းက ခဏခဏ ပြောင်းနေတော့ စီးရတာ သိပ် အဆင်မပြေ‌သေးဘူး”

 

အင်းစိန်မြို့နယ်က မြို့ပတ်ရထားစီး ကုမ္ပဏီဝန်ထမ်း အမျိုးသမီး

 

“ရထားကတော့ အဆင်မြင့်သွားပြီ။ ဝန်ထမ်းတွေ၊ စီးတဲ့သူတွေ အဆင့်မြင့်ဖို့ လိုတာပေါ့နော်။ စည်းကမ်းရှိမှ ဖြစ်မယ်။ နောက်ပိုင်း‌ ကုန်တွေတင်ပြီး စုတ်ပြတ်သွားမှာပဲ‌ ကြောက်ရတယ်။ အရင် ရထားဟောင်းတွေတုန်းက‌ စျေးသည်တွေ စည်းကမ်းမရှိဘူး။ သူတို့ ကြောက်ရတာ။ ဖြဲကားပြီးထိုင် ဈေးဗန်းတွေကို စည်းမရှိ ကမ်းမရှိ။ ရထားခရီးသည်တွေက ထိုင်စရာမရှိနဲ့။ ဝန်ထမ်းတွေကလည်း သေချာကြပ်မတ်ဖို့ လိုပါတယ်။ နားလည်မှု၊ နားလည်မှုနဲ့ မလုပ်ကြဖို့ပေါ့။ အခုရထားသစ်က အချိန်စာရင်းက ခဏခဏ ပြောင်းနေတော့ စီးရတာ သိပ်အဆင်မပြေ‌သေးဘူး။ ရုံးသွား၊ ရုံးပြန်ချိန်ကိုတော့ ပုံမှန် ပြေးဆွဲစေချင်တယ်။ စီးခသာ ပြောင်းပြောင်းသွားတယ်။ ပြေးဆွဲချိန် မမှန်တာတော့ မကောင်းဘူးပေါ့”

****************************************

 

“အန်တီတို့ကတော့ လူတွေလည်း ဝင်တိုက်တာ ဘာညာမဖြစ်အောင် ‌ပုံမှန်ပဲ ရောင်းတာပါ။ ဒါရောင်းမှ စားရမှာဆိုတော့လည်း ရောင်းနေရတာပေါ့ကွယ်”

 

အင်းစိန်မြို့နယ်က သစ်သီးရောင်းသူ အမျိုးသမီးတစ်ဦး

 

“အန်တီတို့ ရထားပေါ်က ဈေးသည်တွေက ရထားရဲတို့ ဘာတို့နဲ့ နားလည်မှုနဲ့ ရောင်းရတာ။ အစက ဘူတာကြီးမှာ ရောင်းတယ်လေ။ သူတို့က ဖယ်ခိုင်းတော့ ရထားပေါ် တက်ရောင်းရတာပေါ့။ အခုအသစ်ပေါ်တော့ ပေးမရောင်းဘူး။ အရင် ရထားအဟောင်းတွေပေါ်မှာပဲ ရောင်းရတယ်။ တချို့ဈေးသည်တွေကလည်း အတင်းတိုးဝှေ့ပြီး ရောင်းကြတော့ ရထားစီးသူတွေ စိတ်ညစ်တာ အဲဒါတွေဖြစ်မယ်။ အန်တီတို့ကတော့ လူတွေလည်း ဝင်တိုက်တာ ဘာညာမဖြစ်အောင် ‌ပုံမှန်ပဲ ရောင်းတာပါ။ ဒါရောင်းမှ စားရမှာဆိုတော့လည်း ရောင်းနေရတာပေါ့ကွယ်။ အာဏာသိမ်းပြီးတော့ ရထား သိပ်မစီးကြတော့ဘူးလေ။ အဲဒီတုန်းကတော့ အရောင်းအဝယ်က မကောင်းဘူး။ ရှေ့နှစ်လောက်ကမှ တော်တော်များများ မြို့ပတ်ကို ပြန်စီးလာကြတာ”

****************************************

 

“သူတို့က အရှုံးခံ ဆွဲတယ်၊ ဆွဲတယ်နဲ့ စစဆွဲတာမှာပဲ ဈေးက ပြောင်းနေတာ”

 

မရမ်းကုန်းမြို့နယ်က ကုမ္ပဏီဝန်ထမ်း အမျိုးသမီး

 

“စီးတဲ့သူက နည်းသွားတယ်။ ဈေးတက်သွားတာလည်း ပါမယ်။ နောက်ပြီးတော့ သူတို့က အရှုံးခံ ဆွဲတယ်၊ ဆွဲတယ်နဲ့ စစဆွဲတာမှာပဲ ဈေးက ပြောင်းနေတာ။ အချိန်ကလည်း မမှန်ဘူး။ ရထားကြီးကတော့ လုံးဝအဆင့်မြင့်မြင့်ပါပဲ။ သူတို့ (မြန်မာ့မီးရထား) တွေက ‌သေသေချာချာလေး စီမံပြီးလုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ အခုက ဘူတာရုံတွေလည်း အသစ်ဆောက်တာ မပြီးသေးတာတွေ ရှိတယ်။ အဓိကကတော့ စီးတဲ့သူတွေ စည်းကမ်းရှိဖို့ လိုတာပေါ့နော်။ ဘာလို့လဲဆို အရင်လို ကွမ်းတံတွေးတွေ ထွေးတာ။ အမှိုက်ပစ်တာတွေ မလုပ်ဘဲ အဆင့်တန်းရှိရှိ စီးကြစေချင်တယ်”