လားရှိုးတိုက်ပွဲအတွင်း MNDAA ရဲ့ သုံ့ပန်းဖြစ်ခဲ့သူ ဗိုလ်မှူးချုပ် သန့်ထင်စိုး က သူ့ရဲ့ စာသင်ကျောင်းရှေ့ ခုံချ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေ

Author CJ Platform
Categories
Published on Nov 13, 2025

ရှမ်းပြည် ဟိုပုံးမြို့မှာ ရှိတဲ့ စစ်အုပ်စုရဲ့ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးက ကျောင်းရှေ့မှာ ခုံချ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို ဆက်ကြေးကောက်ခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူ မော်တော်ယာဉ်မောင်းတွေဆီက သိရပါတယ်။

 

စစ်အုပ်စုရဲ့ နည်းပညာသိပ္ပံကျောင်းရှေ့မှာ ကျောင်းအုပ်ဖြစ်သူ ဗိုလ်မှူးချုပ် သန့်ထင်စိုး ကိုယ်တိုင် ဦးစီးပြီး ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာ ပြည်သူတွေကို အတင်းအကြပ်စစ်ဆေးမှုတွေ လုပ်ဆောင်တာသာမက ကုန်တင်မော်တော်ယာဉ်တွေကို စစ်ဆေးငွေတောင်းတာ၊ ကုန်တင်မော်တော်ယာဉ်တွေပေါ်က ကုန်ပစ္စည်းတွေကို ဖောက်ထွင်းရယူမှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

 

“၄မိုင်ဂိတ်က လွှတ်လိုက်ရင်တောင် သူ့ဂိတ်ရောက်ရင် ရစ်တော့တာပဲ ကျောင်းရှေ့မှာ စားပွဲခုံချပြီး တောင်းနေတာ၊ တရုတ်ကဝင်လာတဲ့ ကုန်စည်အကုန်လုံးကို ဖမ်းလဲဖမ်းတယ် ပိုက်ဆံလဲတောင်းတယ်၊ ပန်းသီးကနေစပြီး ပါတိတ်ထည်တွေတောင် မချန်ဘူး၊ ကားအစီးလိုက်ပါဖမ်းပြီး အုံနာတွေဆီ ပြန်ပေးဆွဲသလို ငွေတောင်းတာပါလုပ်တယ်” လို့ ကိုယ်တိုင်ကြုံတွေ့နေရသူ မော်တော်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

 

ဗိုလ်မှူးချုပ် သန့်ထင်စိုးဟာ တြိဂံနယ်မြေစစ်တိုင်းမှူးနေရာကို ရရှိရေးအတွက် အထက်အရာရှိတွေကို လာဘ်ငွေများစွာ ပေးနိုင်ရေး အခုလို စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ ငွေရှာနေတာလဲ ဖြစ်တယ်လို့ မော်တော်ယာဉ်တွေက ဆိုပါတယ်။

 

“သူတို့ဖမ်းထားတဲ့ ကားတွေကို အုံနာတွေ ပြန်ရွေးပြီးရင်လည်း ဘာပစ္စည်းမှ မကျန်ဘူး အကုန်ဖောက်ထွင်း ခိုးယူထားတာ”လို့ အခြား မော်တော်ယာဉ်မောင်းတစ်ဦးကလည်း အတည်ပြုပြောပါတယ်။

 

ဗိုလ်မှူးချုပ် သန့်ထင်စိုးဟာ သူဖမ်းဆီးထားတဲ့ မော်တော်ယာဉ်တွေကို တရားရုံးကို တင်ပို့မှု နည်းပါးပြီး ငွေကြေးညှိနှိုင်းရာမှာ အဆင်မပြေတဲ့ မော်တော်ယာဉ်တွေနဲ့ ယာဉ်မောင်းတွေကိုသာ ပြစ်မှုရှာကြံပြီး တရားစွဲဆိုမှုတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

 

သူဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးမြို့သိမ်းတိုက်ပွဲမှာ MNDAA ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်ခဲ့ရသူလည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

မှတ်ချက်။ ။ ကနဦးသတင်းတွင် ဗိုလ်မှူးချုပ်သန့်ထင်စိုးအစား အမည်လွဲမှား ဖော်ပြခဲ့ရမှုအပေါ် အနူးအညွတ်တောင်းပန်အပ်ပါသည်။