DKBA အဖွဲ့အစည်းနဲ့ ခေါင်းဆောင် ၄ ဦးကို ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်လို့ဆိုကာ အမေရိကန်ပိတ်ဆို့အရေးယူ
ကရင်ပြည် မြဝတီမြို့အတွင်းမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေမှာ ပါဝင်ပတ်သက်တယ်ဆိုကာ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) အဖွဲ့အစည်းနဲ့ ထိပ်ပိုင်းခေါင်းဆောင် ၄ ဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ရဲ့ ပိတ်ဆို့အရေးယူမှုထဲမှာ ထိုင်းနိုင်ငံသား ချမ်လမ်ဆဝတ် (Chamu Sawang) နဲ့ သူ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၂ ခုလည်းပါဝင်နေပြီး DKBA နဲ့အတူ ကျားဖြန့်လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ DKBA က စစ်ဦးစီးချုပ် စောစတီး၊ စစ်ရေးချုပ် စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်နဲ့ ဗိုလ်မှူးချုပ် စိုင်းကျော်လှတို့ပါဝင်ပြီး သူတို့နဲ့အတူ ကျားဖြန့်လုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံသား ချန်လမ်ဆဝတ်ကိုလည်း အရေးယူမှုစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် DKBA အဖွဲ့အစည်းနဲ့ ထိုင်းနိုင်ငံသားပိုင် တာ့ခ်ခရိုင် မဲဆောက်အခြေစိုက် Trans Asia၊ ကရင်ပြည် လှိုင်းဘွဲ့မြို့နယ်အခြေစိုက် Troth Star ကုမ္ပဏီတို့ကိုလည်း အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
ကျားဖြန့်လုပ်ငန်းတွေအများစုရှိတဲ့ မြဝတီမြို့ KK Park ဝင်း၊ Huanya ဝင်းနဲ့ Tai Chang ဝင်းတွေကို DKBA အဖွဲ့က လုံခြုံရေးယူပေးထားပြီး အဲဒီကနေ ရရှိတဲ့ငွေကြေးအကျိုးအမြတ်တွေကို DKBA က ရရှိနေတယ်လို့ အမေရိကန်က ဆိုပါတယ်။ Tai Chang ဝင်းကို DKBA ဗိုလ်မှူးချုပ် စိုင်းကျော်လှနဲ့ Trans Asia ကုမ္ပဏီ ဒါရိုက်တာ ချမ်လမ်ဆဝတ်တို့က ပူးတွဲလုပ်ကိုင်ခဲ့တာဖြစ်တယ်လို့လည်း အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းကလည်း ကရင်အမျိုးသားတပ်မတော်/နယ်ခြားစောင့်တပ် (KNA/BGF) ခေါင်းဆောင် စောချစ်သူ၊ သူ့ရဲ့သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်လ်မူးနဲ့ စောချစ်ချစ်တို့ကိုလည်း လူကုန်ကူးမှု၊ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွယ်တယ်လို့ဆိုကာ အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် BGF ထိပ်ပိုင်းခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆ ကိုလည်း ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဘီလျံနဲ့ချီ ငွေကြေးနစ်နာဆုံးရှုံးမှုတွေရှိနေပြီး လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဂျွန်ကေဟာလေ (John K. Hurley) က ထုတ်ဖော်ပြောဆိုထားပါတယ်။
ဓာတ်ပုံ – DKBA သတင်းပြန်ကြားရေး
