အီရန် နျူးကလီးယားလက်နက် မပိုင်ဆိုင်ရေးအတွက် အစ္စရေးက နျူးကလီးယားစက်ရုံတွေကို တိုက်ခိုက်

အစ္စရေးစစ်တပ်ဟာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာပဲ အီရန်နိုင်ငံထဲက နျူးကလီးယားစက်ရုံတွေ၊ ဒုံးပျံထုတ်လုပ်ရေးစခန်းတွေနဲ့ အီရန်ရဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး ဒုံးပျံတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အီရန်နိုင်ငံ နျူးကလီးယားလက်နက်တွေ ပိုင်ဆိုင်မှု မရှိစေရေးအတွက် ရည်ရွယ်တာဖြစ်တယ်လို့ အစ္စရေးဘက်က ထုတ်ဖော်ပြောဆိုခဲ့တဲ့အပြင်၊ ဒါဟာ ရေရှည်စစ်ဆင်ရေးရဲ့ အစပဲ ဖြစ်သေးတယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း အီရန်အထူးစစ်တပ် (IRGC) ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဟူစိန် ဆာလာမီ သေဆုံးခဲ့တယ်လို့ IRGC က ထုတ်ပြန်သလို အစ္စရေးတို့ရဲ့ ဒုံးပျံက လူနေရပ်ကွက်အတွင်းကိုလည်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားတချို့လည်း သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် နာတန့်ဇ်မြို့က အီရန်ရဲ့ ယူရေနီယမ်ထုတ်လုပ်ရေးစက်ရုံအပါအဝင် နေရာအတော်များများမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မြို့တော် တီဟီရန်က စစ်ဘက်ဆိုင်ရာ ရုံးချုပ်ကိုလည်း ထိမှန်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။
နျူးကလီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IAEA) ကတော့ နာတန့်ဇ်မြို့အနီးမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ လက္ခဏာတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။
အီရန်နိုင်ငံရဲ့ ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ကတော့ “အစ္စရေးဟာ ယုတ်မာတဲ့ သွေးစွန်းလက်နက်နဲ့ အီရန်အပေါ် ပြစ်မှုကျူးလွန်ခဲ့ပြီး ၎င်းတို့ရဲ့ ဆိုးဝါးတဲ့အကျိုးဆက်ကို ခံစားစေရမယ်” လို့ ထုတ်ပြန်ပါတယ်။
အီရန်ဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ ဒရုန်းရာချီကို အစ္စရေးဆီကို ဦးတည်ပျံသန်းစေခဲ့တာကြောင့် အစ္စရေးဘက်က ကြားဖြတ်တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အက်ဒီ ဒပ်ဖရင် က ပြောဆိုပါတယ်။
အီရန်ရဲ့ တုံ့ပြန်မှု မလုပ်ဆောင်ခင်ကတည်းကလည်း အစ္စရေးနိုင်ငံထဲမှာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။
အစ္စရေးနဲ့ အီရန်ကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုကတော့ သူတို့အနေနဲ့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သလို၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ကတော့ “ပဋိပက္ခတွေ တိုးမြှင့်လာမှုကို ရှောင်ရှားဖို့အတွက် နိုင်ငံကတာက ပူးပေါင်းဆောင်ရွက်သင့်တယ်” လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အီရန်နဲ့ အစ္စရေး စစ်ရေးတင်းမာမှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်ကိုလည်း သက်ရောက်မှုတွေ ရှိနေပြီး လက်ရှိမှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ ၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – West Asia News Agency via Reuters
ပုံစာ – အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေတဲ့ တီဟီရန်မြို့က မြင်ကွင်းများ
ကိုးကား – Reuters