စစ်ကောင်စီတပ်က ထွက်ပြေးလာသူတပ်ဖွဲ့ဝင်နဲ့ စစ်သုံ့ပန်းရဲ့ သမီးတို့ကို ထိန်းသိမ်းရေးစခန်းက မင်္ဂလာဆောင်ပေး

Author CJ Platform
Categories
Published on May 13, 2025

ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၃ စစ်ဒေသခွဲ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စစ်သုံ့ပန်းအချင်းချင်း လူငယ်သဘာဝ မေတ္တာမျှနေတာကြောင့် ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က လက်ထပ်ထိမ်းမြား ပေးခဲ့တယ်လို့ စခန်းတာဝန်ခံရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ- ၅၄၅ တပ်က ထွက်ပြေးလာရာကနေ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်းတစ်ဦးနဲ့ ကောဘိန်းနယ်မြေရဲစခန်းကနေ ဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူတို့ကို လက်ထပ်ထိမ်းမြားပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ သူတို့နှစ်ဦးက ချစ်ကြိုက်နေတာ တစ်နှစ်လောက်ရှိပါပြီ။ ထိန်းသိမ်းရေးစခန်းမှာပဲတွေ့ကြတာပါ။ မေတ္တာမျှပြီး အကြာကြီး စခန်းမှာတွဲမယ့်အတူတူ မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ မင်္ဂလာဆောင်ဖို့ တိုက်တွန်းခဲ့တာပါ “ လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊အမှတ်-၃ စစ်ဒေသခွဲ၊  စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း တာဝန်ခံ စောနေလက CJ Platform ကိုပြောပါတယ်။

 

အခု မင်္ဂလာဆောင်ပေးခဲ့တဲ့ သတို့သားနဲ့ သမီးတို့ဟာ စစ်သုံပန်းထိန်းသိမ်းရေးစခန်းကို ပြီးခဲ့နှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက အတူတူရောက်ရှိခဲ့တာဖြစ်ပြီး အမျိုးသားက ထိန်းသိမ်းရေးစခန်းအတွက် အားကိုးရကာ ယုံကြည်လောက်တဲ့ သစ္စာတရားရှိတာကြောင့် အကူလုံခြုံရေးရဲဘော်အဖြစ် ခန့်အပ်ထားတယ်လို့ သိရပါတယ်။

စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းအတွင်း မင်္ဂလာဆောင်ပေးရာမှာ သတို့သားဖြစ်သူ မောင်မျိုးဆွေမှာ မိဘတွေနဲ့ ချိတ်ဆက်လို့မရတာကြောင့် စခန်းတာဝန်ခံက မိဘနေရာကနေ ဆောင်ရွက်ပေးခဲ့ပြီး သတို့သမီးဖြစ်သူ မပိုးအိအိစိုး ရဲ့ ဖခင်ဖြစ်သူ စစ်သုံ့ပန်းရဲတပ်ကြပ်ကြီးဟောင်းကလည်း သဘောတူ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း  သိရပါတယ်။

 

ဒါ့အပြင် မင်္ဂလာဆောင်စရိတ်အတွက် စစ်သုံ့ပန်းစခန်းက အရာရှိတွေက ကူညီထောက်ပံ့ပေးခဲ့သလို့ စစ်သုံ့ပန်းအရာရှိ တွေကလည်း ကူညီထောက်ပံ့ပေးခဲ့တယ်လို့ စခန်းတာဝန်ခံက  ပြောပါတယ်။

 

စစ်ကောင်စီက ဖမ်းဆီးရမိတဲ့ တော်လှန်ရေးရဲဘော်တွေကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်လေ့ရှိပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် အများစုကတော့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိတာကို သတင်းတွေအရ သိရပါတယ်။

 

ပြီးခဲ့တဲနှစ် ၂၀၂၄ ခုနှစ်က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှာ စစ်ကောင်စီ လက်အောက်ခံ  ပျူစောထီးတွေက တိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ ယောကာကွယ်ရေးတပ်-YDF ရဲဘော် ၂ ဦးကို သံကြိုးတွေနဲ့ တုပ်နှောင် ညှင်းပမ်းနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ကာ ဝိုင်းဝန်းကြည့်ရှုအောင်ပွဲခံနေတဲ့ ရုပ်သံဖိုင်တွေပေါ်ထွက်ခဲ့ပါသေးတယ်။

 

ဒါ့အပြင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်မှာ စစ်ကြောင်း လှုပ်ရှားမှုကို စောင့်ကြည့်ရင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ PDF ရဲဘော် ၁ ဦးကို မျက်စိ ၂ လုံးကို ဖောက်ထုတ်ပြီး ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုကာ ရိုက်နှက် သတ်ဖြတ်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – တောင်ပိုင်းတိုင်းစစ်ဒေသ၊အမှတ်-၃ စစ်ဒေသခွဲ၊စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း

 

Related News

Depend on news