ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတယ်လို့ လိမ်လည်ပြောဆိုထားတဲ့ စစ်ကောင်စီက တအာင်းဒေသကို ဗုံးကြဲပြန်

Author CJ Platform
Categories
Published on May 13, 2025

စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်လိုက်ပေမဲ့ နေ့စဉ် အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ဗုံးကြဲတိုက်ခိုက်နေပြီး မေလ ၁၂ ရက် မနေ့ညကလည်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ မန်တုံမြို့နဲ့ မိုင်းငေါ့မြို့တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးဒဏ်ရာရရှိသူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ PSLF/TNLA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စစ်ကောင်စီဟာ မနေ့က ည ၁၂ နာရီ ၄၅ မိနစ်အချိန်မှာ မန်တုံမြို့ရှိ အောင်ချမ်းသာရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂လုံး၊ မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီးကို ည ၇ နာရီ ၄၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ၂ကြိမ် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာ  ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မန်တုံမြို့က ဒေသခံ တစ်ဦးသေဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁၁ လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ်အတွင်းရှိ ယာပြင်ကျေးရွာကိုလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ၄ ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံတွေရှိရာနေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းတိုးမြှင့်တယ်လို့ ဆိုပေမယ့် နိုင်ငံတဝန်းက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေအပြင် ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေကိုပါ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။

 

အဲဒီလို အရပ်သားပြည်သူတွေနေထိုင်ရာတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ မနေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာရှိ စာသင်ကျောင်းကို နှစ်ဆင့် သုံးဆင့် ပေါက်ကွဲတဲ့ ကပ်စတာဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကြားနေတဲ့ ကလေးငယ်တွေနဲ့ ဆရာမတွေ စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပါတယ်။

 

စစ်ကောင်စီက အပစ်ရပ်သက်တမ်းကို အခုလကုန်အထိ သက်တမ်းတိုးထားပေမဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ ရှောင်ရှားနိုင်ဖို့ကိုလည်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ကတိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA