မီဇိုရမ်ရောက် တိုက်ပွဲရှောင်မြန်မာပြည်သူတွေ ကား၊ဆိုင်ကယ်မောင်းနှင်ခွင့်နဲ့ စျေးရောင်းချခွင့် ပိတ်ပင်ခံရခြင်းကြောင့် ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က တိုက်ပွဲရှောင်မြန်မာပြည်သူတွေဟာ ဒေသတွင်း အာဏာပိုင်အဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ဧပြီလမှစ၍ ကား၊ ဆိုင်ကယ် မောင်းနင်းခွင့် နဲ့ စျေးရောင်းချခွင့်တို့ ကန့်သတ်ချက်တွေကြောင့် အထွေထွေကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တိုက်ပွဲရှောင်ပြည်သူတွေဆီက သိရပါတယ်။
နိုင်ငံခြားသားတွေဟာ ယဥ်ကား၊ ဆိုင်ကယ် မောင်းနင်းခွင့်၊ စျေးရောင်းချခွင့်တို့ကို အိန္ဒိယ ဗဟိုအစိုးရရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေအရ တားမြစ်လိုက်တာကြောင့် ဒေသတွင်း အာဏာပိုင်အဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကနေပြီး တိုက်ပွဲရှောင်မြန်မာပြည်သူတွေကို အခုလို ကန့်သတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“အရင်ကတည်းက နိုင်ငံခြားသားတွေ စျေးဆိုင်ဖွင့်တာ၊ ကား၊ ဆိုင်ကယ်မောင်းတာတွေ ခွင့်မပြုထားပါဘူး။ ဒါပေမယ့် နားလည်မှုသဘောနဲ့ ခွင့်ပြုပေးထားပါတယ်။ အခုနောက်ပိုင်း မြို့ထဲ ယာဥ်တိုက်မှုတွေ မကြာခဏ ဖြစ်တဲ့အတွက် ကန့်သတ်လိုက်တာ ထင်ပါတယ်။ ပြီးတော့ စျေးရောင်းတာလည်း ဒေသခံတွေ စီးပွားရေးထိခိုက်လာမှာစိုးလို့ထင်ပါတယ်။ အခုဆို ရဲတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်ပွဲရှောင်ပြည်သူတွေရဲ့ ဆိုင်ကယ်၊ ကားဘီးတွေဖြုတ်သိမ်းတယ်။ စျေးဆိုင်တွေဖြိုချခိုင်းပြီး ပိတ်ခိုင်းထားတယ်”လို့ လုံလေခရိုင် တိုက်ပွဲရှောင်စခန်းတစ်ခုက တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
မီဇိုရမ်ပြည်နယ်မှာ တိုက်ပွဲရှောင်နေကြတဲ့ မြန်မာပြည်သူတွေဟာ အရင်က မိသားစု စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် စီးပွားရေးအဖြစ် ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်တို့ကို ဖွင့်လှစ်ရောင်းချသလို လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ မြန်မာပြည်က သူတို့ရဲ့ ကား၊ ဆိုင်ကယ်တို့ကို ယူဆောင်လာကြပါတယ်။
အခုလို ကန့်သတ်ချက်တွေကြောင့် တိုက်ပွဲရှောင်ပြည်သူတွေဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ တခြားအထွေထွေကိစ္စရပ်တွေ ဖြေရှင်းရာမှာ နေ့စဥ် ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြတယ်လို့ သိရပါတယ်။
“အရင်က ကျန်းမာရေး မကောင်းတာဖြစ်ဖြစ်၊ စျေးဝယ်တာဖြစ်ဖြစ် ကိုယ့်ဆိုင်ကယ်နဲ့ ကိုယ် သွားလာလို့ရတယ်။ အခု ဆိုင်ကယ်မောင်းဖို့ ကန့်သတ်လိုက်တော့ အရေးပေါ် ကျန်းမာရေးကိစ္စတွေဖြစ်ဖြစ်၊ သာရေး၊ နာရေး စတဲ့ လူမှုရေး ကိစ္စတွေဖြစ်ဖြစ် သူများ ကား၊ ဆိုင်ကယ် ငှားပြီးသွားနေရတယ်။ ဒီလိုငှားတဲ့ခါ ကိုယ့်အတွက် ငွေကုန်ကျစရိတ် ပိုကုန်တာပေါ့။ ဒီလိုပဲ အရင်က မိသားစု စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် စျေးရောင်းကြတယ်။ အပိုဝင်ငွေရအောင်ပေါ့။ အခုတော့ စျေးရောင်းချခွင့်လည်း ကန့်သတ်လိုက်တယ်။ စျေးရောင်းချခွင့် မရှိတော့ နေ့စဥ်ပုံမှန်ဝင်ငွေမရှိတော့ဘူး။ မိသားစုစားဝတ်နေရေး အခက်တွေ့တာပေါ့” လို့ ဆိုင်ဟားခရိုင်မှ တိုက်ပွဲရှောင် မြန်မာပြည်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်သူ ၃၃,၀၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်က နယ်မြေအများစုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးထားနိုင်ပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တိုက်ပွဲရှောင်ပြည်သူတွေဟာ နေရပ်မပြန်ကြသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့မြင်ရစဥ် (ပုံဟောင်း)