တောင်ပို့ကွဲကျေးရွာတွင်း လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on Feb 13, 2025

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာကို စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တို့က ပြည်ထောင်စုနေ့ ဖေဖေါ်ဝါရီ ၁၂ရက်နေ့ ညနေ ၅နာရီခန့်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ မနက်မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ဖယ်ခုံအနောက်ကမ်းကနေပြီး လက်နက်ကြီး ၆လုံးနဲ့ ပစ်ခတ်ရာမှာ ကျေးရွာတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၀)နှစ်အရွယ် မောင်စိုင်းလျန်ဆိုင်နဲ့ အသက် (၄၀)အရွယ် ဦးစိုဝ်းလုံတို့ နေရာပင် သေဆုံးသွားပြီး အသက်(၄၀)အရွယ် ဒေါ်နန်းဖန်နဲ့ အသက်(၄၅)နှစ်အရွယ် ဦးကျားတို့ ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အဲဒီနေ့ ညနေပိုင်းမှာပဲ ပင်လောင်းမြို့နယ် နန်းတုတ်ရွာကို စစ်ကောင်စီနဲ့ PNO တို့က ဘီလူးချောင်းအနောက်ဘက်ကမ်း လွယ်ဖီးကနေပြီး မီးလောင်ဗုံးအပါအဝင် လက်နက်ကြီး (၈)လုံးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ် (၂)လုံး ပျက်စီးခဲ့ရသေးကြောင်း သိရသည်။