၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ စစ်တပ်ပြုစုထားတဲ့ မဲမသမာမှုစာရင်းတွေ စစ်ကောင်စီထပ်ထုတ်ပြန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နှစ်ကြိမ်ဆက် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို စစ်တပ်က မဲလိမ်တယ်ဆိုပြီး အာဏာသိမ်းထားတာ အခုဆိုရင် လေးနှစ်ပြည့်တော့မှာဖြစ်ပါတယ်။
အာဏာမသိမ်းမီ လပိုင်းအတွင်း စစ်တပ်အပြင် စစ်တပ်လက်အောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ကလည်း မဲလိမ်တယ်ဆိုပြီး စာရင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။
အခု ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း စစ်ကောင်စီလက်အောက်ခံဌာနတွေရဲ့ လူမှုကွန်ရက်နဲ့ ဝက်ဘ်ဆိုက်တွေမှာ ပြန်လည်ထုတ်ပြန်လာပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမဲမသမာမှုတရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်လို့ခေါင်းစဉ်တပ်ထားတဲ့ မျက်နှာဖုံးနဲ့အတူ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
အဲဒီထဲ နိဒါန်း၊ နိဂုံးအပြင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ အလွန်ကာလ၊ ခြုံငုံတွေ့ရှိချက်၊ ရလဒ်ပယ်ဖျက်ခြင်းနဲ့ ရွေးကောက်ပွဲအပေါ်သုံးသပ်ချက်ဆိုပြီး အခန်း ၇ ခန်းပါဝင်ပါတယ်။
မဲမသမာမှုဖြစ်ခဲ့တဲ့ မဲစာရင်းအရေအတွက်က ၁၁ သန်းကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။
အခုထုတ်ပြန်ချက်ကို မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ်နဲ့ ဂျပန်ဘာသာတွေနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီစာရင်း ထပ်မံထုတ်ပြန်လာတာနဲ့ပတ်သက်ပြီး ပြည်သူတချို့က ဒေါသတကြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။
“ကိုဗစ်ရှိနေတဲ့ကြား၊ ကိုယ်ဝန်လွယ်ထားတဲ့ကြားက ကိုယ်တိုင်မဲထွက်ပေးခဲ့သလို တချိန်လုံးလည်း အနီးနားက မဲရုံတွေကို စောင့်ကြည့်ခဲ့တယ်။ အွန်လိုင်းပေါ်မှာလည်း စောင့်ကြည့်နေခဲ့တယ်။ ဘာမှ မသင်္ကာစရာမရှိခဲ့ဘူး။ စစ်တပ်က လက်နက်အားကိုးနဲ့ လုပ်ချင်လုပ်သွားတာလို့ပဲမြင်တယ်” လို့ ရန်ကုန်မြို့မှာနေထိုင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်တပ်က ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD အစိုးရဘက်က မဲမသမာမှုလုပ်တယ်ဆိုပြီး လွှတ်တော်သစ်တွေ ပြန်လည်စတင်မယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရအဖွဲ့အားလုံးကို မနက်အစောပိုင်းမှာပဲ ဖမ်းဆီးထောင်ချခဲ့ပါတယ်။
ဒီလို ပြည်သူ့ရွေးကောက်ခံအစိုးရကိုဖြုတ်ချထားတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်မယ်လို့ ပြည်တွင်းအပြင် ပြည်ပမှာပါ တွင်တွင်ပြောဆိုနေပါတယ်။
ဓာတ်ပုံ – Pro-SAC
ပုံစာ – စစ်တပ်ထုတ်ပြန်ထားတဲ့ ၂၀၂၀ ပြည့်နှစ် မဲစာရင်းတွေကို တွေ့ရစဉ်