၂၀၂၄ အတွင်း ကမ္ဘာတစ်ဝှမ်းက သတင်းထောက် အယောက် ၅၀ ကျော်သတ်ဖြတ်ခံရ

Author CJ Platform
Categories
Published on Dec 13, 2024

ဒီနှစ် ၂၀၂၄ ထဲမှာ ကမ္ဘာတစ်ဝှမ်းက သတင်းထောက် ၅၄ ဦးဟာ လုပ်ငန်းခွင်ထဲရှိနေချိန် ဒါမှမဟုတ် သူတို့ရဲ့ အလုပ်အကိုင်ကြောင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ နှစ်ပတ်လည်အစီရင်ခံစာအရ သိရပါတယ်။

 

သတ်ဖြတ်ခံရတဲ့ သတင်းထောက် သုံးပုံတစ်ပုံဟာ အစ္စရေးစစ်တပ်ရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး ဂါဇာဒေသမှာ ၁၆ ဦးနဲ့ လက်ဘနွန်မှာ နှစ်ဦး စုစုပေါင်း သတင်းထောက် ၁၈ ဦးတို့ရဲ့ သေဆုံးမှုအတွက် အစ္စရေးစစ်တပ်မှာ တာဝန်ရှိတယ်လို့လည်း RSF က ဆိုပါတယ်။

 

အစ္စရေးစစ်တပ်ရဲ့ သိမ်းပိုက်ထားခြင်းခံရတဲ့ ပါလက်စတိုင်းနယ်မြေဟာ သတင်းထောက်တွေအတွက် အန္တရာယ် အရှိဆုံးနယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အခြားဒေသတွေထက် သေဆုံးသူအရေအတွက် ပိုများတယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့အထိ အချက်အလက်တွေပါဝင်တဲ့ RSF ရဲ့ အစီရင်ခံစာမှာ ဆက်လက်ဖော်ပြပါတယ်။

 

အစ္စရေးစစ်တပ်ဟာ သတင်းထောက်တွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)ကို RSF က တိုင်ကြားချက် လေးခုတင်သွင်းထားတယ်လို့လည်း ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး အခုအချိန်ထိ အစ္စရေးသိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေမှာ သတင်းထောက်ပေါင်း ၁၄၅ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး အဲဒီထဲက ၃၅ ဦးဟာ တာဝန်ကျရာနေရာမှာပဲ ပစ်မှတ်ထားတိုက်ခိုက်ခံရတာဖြစ်တယ်လို့ RSF က ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့ အင်္ဂါနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် (IFJ) ရဲ့ သီးခြားအစီရင်ခံစာမှာလည်း ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ သတ်ဖြတ်ခံရတဲ့ သတင်းထောက်ပေါင်း ၁၀၄ ဦးရှိပြီး ထက်ဝက်ကျော်ကတော့ ဂါဇာဒေသမှာ သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

RSF နဲ့ IFJ တို့ရဲ့ ကိန်းဂဏန်းတွေကွာခြားနေတာဟာ ထိခိုက်သေဆုံးမှုတွေကို တွက်ချက်တဲ့ နည်းလမ်းတွေကွဲပြားတာကြောင့်လည်း ဖြစ်ပါတယ်။

 

RSF ရဲ့ စာရင်းဇယားတွေက သတင်းထောက်တွေ‌ သေဆုံးမှုဟာ သူတို့ရဲ့အလုပ်အကိုင်တွေနဲ့ တိုက်ရိုက်ပတ်သက်ဆက်စပ်နေတယ်ဆိုတာကို သက်သေပြနိုင်တဲ့ သတင်းထောက်တွေကိုပဲ ထည့်သွင်းရေတွက်ထားတာပဲဖြစ်ပါတယ်။

 

အစ္စရေးစစ်တပ်ဘက်ကတော့ သတင်းထောက်တွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပေမဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေအတွင်း သတင်းထောက်တချို့ သေဆုံးသွားခဲ့တယ်ဆိုတာကိုတော့ ဝန်ခံထားပါတယ်။

 

“ဒီကိန်းဂဏန်းတွေကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒီအချက်အလက်တွေ မှန်တယ်လို့လည်း ကျွန်တော်တို့ မယုံပါဘူး” လို့ အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်မာဆာက ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

 

ပါကစ္စတန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန္ဒပြပွဲတွေအတွင်း သတင်းထောက်တွေ အများအပြား သတ်ဖြတ်ခံရတာတွေကြောင့် အာရှဒေသဟာ ဒုတိယအန္တရာယ် အရှိဆုံးဒေသဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Mohammed Salem/Reuters

 

ပုံစာ – အယ်ဂျာဇီးရားသတင်းထောက် ဝယ်လ်အယ်ဒါဟ်ဒေါ့ကို သားဖြစ်သူ  ပါလက်စတိုင်းသတင်းထောက် ဟမ်းဇားအယ်လ်ဒါဟ်ဒေါ့ ရဲဈာပနမှာ မိသားစုဝင်တွေနဲ့အတူ တွေ့ရစဉ် (ပုံအဟောင်း)

(ဟမ်းဇားအယ်လ်ဒါဟ်ဒေါ့ဟာ ဒီနှစ် ၂၀၂၄၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။)

 

ကိုးကား – DW News