သုံးရက်ဆက် စခန်းသိမ်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပုလဲမြို့မှာ ရဲဘော် သုံးဦးကျဆုံးလို့ဆို ထွေ/အုပ်ရုံးကို သိမ်းပိုက်နိုင်ပြီ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ နိုဝင်ဘာ ၁၁ ရက်ကနေ ဒီကနေ့အထိ သုံးရက်ဆက်တိုက် စခန်းသိမ်းတိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားနေတယ်လို့ အဲဒီမြို့ခံတွေဆီကနေ သိရပါတယ်။
ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)နဲ့ မဟာမိတ်တွေရဲ့ စစ်ကောင်စီတပ်တွေအပေါ် စီးနင်းတိုက်ခိုက်မှု အသာရနေတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်နေတဲ့ စစ်ရေးသတင်းရင်းမြစ်တွေက CJ Platform ကို ပြောပါတယ်။
“ပုလဲမြို့က ထွေ/အုပ်ရုံး ထိမ်းနိုင်ပြီ။ ရဲစခန်း ဆက်လှုပ်ရှားနေပါတယ်။ ၈၀ ရာခိုင်နှုန်းသေချာနေပါပြီ” လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဒီကနေ့ နို၀င်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
အဲဒီလို စခန်းသိမ်းတိုက်ပွဲတွေအတွင်း ရဲဘော် သုံးဦးကျဆုံးခဲ့တယ်လို့ အဲဒီက တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။
BNRA နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ ပုလဲမြို့က စစ်ကောင်စီအထိုင်စခန်းတွေကို စီးနင်းတိုက်ခိုက်နေချိန် သက်ဆိုင်ရာဒေသခံ ပကဖအဖွဲ့တွေကလည်း နယ်မြေအတွင်း စစ်ကြောင်းဖြတ်တောက်တိုက်ခိုက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ ပုလဲမြို့နယ် NUG ဆိုင်ရာ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါကြောင့် ပုလဲမြို့ဆီ မြေပြင်စစ်ကူမပို့နိုင်တဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ သုံးရက်ဆက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲစခဲ့တဲ့ နို၀င်ဘာ ၁၁ ရက်နေ့က လေကြောင်းကနေ ငါးကြိမ်ထက်မနည်းလာရောက်ပြီး ဗုံးအလုံး ၃၀ လောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ နို၀င်ဘာ ၁၂ ရက် ညနေပိုင်းမှာလည်း လေကြောင်းပစ်ခတ်မှု သုံးကြိမ်ထက်မနည်း စစ်ကောင်စီတပ်ဘက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနှစ်ရက်တာ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ခုနစ်ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ရတဲ့အပြင် နေအိမ်နဲ့ အဆောက်အအုံပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက် ၉ နာရီခန့်ကနေ မွန်းလွဲ ၁ နာရီခွဲအတွင်း လေကြောင်းကနေ ပစ်ခတ်မှု အကြိမ်ရေ ၂၀ ကျော်ရှိခဲ့ပြီး ဆက်တိုက်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ အထက်ပါ NUG ရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြေပြင်အခြေအနေမှာ ဒီထက်ပိုနိုင်သလို ထိခိုက်မှုသေဆုံးမှု အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုတိုက်ပွဲအတွင်း စစ်ကောင်စီက ပုလဲမြို့ပေါ်နဲ့ ဘေးပတ်လည်က ကျေးရွာတွေထဲ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် မြို့ပေါ်က ပြည်သူတွေနဲ့ မြို့ဘေးပတ်လည် ကျေးရွာတွေက ပြည်သူ တစ်သောင်းခန့် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်