ပန်းတနော်-အိမ်မဲ ကားလမ်းပျက်စီးနေလို့ ခရီးသွားတွေ အခက်ကြုံနေ
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်နဲ့ အိမ်မဲမြို့နယ်ကို ချိတ်ဆက်ထားတဲ့ မြို့နယ်ချင်းဆက် လမ်းမှာ မိုးတွင်းကာလ ပြီးနောက် လက်ရှိမှာ ပျက်စီးနေပြီး ခရီးသွားတွေအတွက် အခက်အခဲဖြစ်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပန်းတနော်မြို့နယ် မရမ်းလမ်းဆုံကနေ အိမ်မဲမြို့အထိ ၁၆ မိုင်ကျော် အရှည်ရှိတဲ့ အဲဒီလမ်းမှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ သတိထားမောင်းနှင်နေရတဲ့အပြင် အိမ်စီးကားတွေအတွက်လည်း ယာဉ်အန္တရာယ် ရှိနိုင်တဲ့ အခြေအနေလည်း ဖြစ်တယ်လို့ သိရပါတယ်။
“လမ်းကလည်း ကျဉ်းတယ်။ ကားကြီးနှစ်စီးဆို မနည်းရှောင်ရတယ်။ ကားလေးတွေ ဗိုက်မလွတ်တဲ့ အနေအထားဗျ”လို့ အိမ်မဲမြို့ကို ကုန်ပစ္စည်းပို့နေတဲ့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
အိမ်မဲမြို့ကို ရန်ကုန်-ပုသိမ်လမ်းက သွားရင် ပန်းတနော်မြို့နယ်၊ မရမ်းလမ်းခွဲကနေ မိုင် ၃၀ ကျော် ဝေးကွာပြီး ကျောင်းကုန်းမြို့ရှိ အိမ်မဲလမ်းခွဲကလည်း လမ်းကျဉ်းမြောင်းတာကြောင့် အသုံးပြုသူ နည်းပါးတယ်လို့ စုံစမ်းသိရှိရပါတယ်။
အိမ်မဲ-ပန်းတနော် မြို့နယ်ချင်းဆက်လမ်းကို မြောင်းမြ၊ လပွတ္တာမြို့တွေကို သွားတဲ့ ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေပါ ဖြတ်သန်း သွားလာနေရတာဖြစ်ပြီး မိုးရာသီမှာ မြေသားနိမ့်ကျတာတွေနဲ့ ချိုင့်ခွက်တွေ ဖြစ်ပေါ်ခဲ့ကာ ပိုမို ဆိုးရွားလာတာဖြစ်တယ်လို့ လမ်းအသုံးပြုသူတွေက ပြောပါတယ်။
“ဒီလမ်းပဲ သုံးစရာရှိတာ။ လမ်းပျက်လည်း သွားရတာပါပဲ။ ကားလည်း နာတာပေါ့။ ကားအောက်ပိုင်းတွေ ခဏခဏ စစ်ရတယ်။ ဝိတ်များတဲ့ ကုန်ကားတွေဆို ခဲထိုးမှာ ကြောက်ရတယ်”လို့ ရန်ကုန်-အိမ်မဲကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
အိမ်မဲ-ပန်းတနော် မြို့နယ်ချင်းဆက်လမ်းဟာ NLD အစိုးရလက်ထက်က စတင်အဆင့်မြှင့်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်ကမှ ပြီးစီးခဲ့ပြီး ၂ နှစ် အကြာမှာ အခုလို ပြန်ပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။
ပုံစာ – ပန်းတနော်-အိမ်မဲ လမ်းကို တွေ့ရစဉ်