ဟားခါးမှာ ရက် ၈၀ ကျော်ဆက်တိုက် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး 

Author ဆလိုင်း
Categories
Published on Nov 13, 2024

ချင်းပြည်၊ မြို့တော် ဟားခါးမှာ ဒီနှစ် ၂၀၂၄၊ ဇူလိုင်ကနေ နိုဝင်ဘာဒုတိယပတ်အတွင်းထိ ရက် ၈၀ ကျော်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDF-Hakha ဆီကနေ သိရပါတယ်။

 

ဇူလိုင်လ ၁၂ ရက်ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ လေးလအတွင်း စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်(ဟားခါး)တို့ကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦးသေဆုံးခဲ့တယ်လို့ CDF-Hakha ရဲ့ ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“ဟားခါးမှာ အခုထုတ်ပြန်ထားတဲ့ လေးလလုံးလုံး နေ့တိုင်းလိုလို ပစ်ခတ်မှုရှိတယ်” လို့ CDF-Hakha တာဝန်ရှိသူတစ်ဦးက CJ Platform လို့ ပြောပါတယ်။

 

ဒါဟာ မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ထန်တလန်မြို့ဆီ ဟားခါးမြို့ကနေ စစ်ကူမပို့နိုင်အောင် ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့် လေးလလုံးတိုက်ပွဲတွေဖော်ဆောင်ခဲ့တာဖြစ်ပြီး ၈၂ ရက်ကြာ တားဆီးနိုင်ခဲ့တယ်လို့ CDF-Hakha မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“စစ်ကောင်စီက ထန်တလန်တိုက်ပွဲကို စစ်ကူပို့ဖို့ ဟားခါးမှာ တပ်အင်အားတွေ လေကြောင်းကနေ ဖြည့်တင်းတယ်။ ဟားခါးကနေတစ်ဆင့် ထန်တလန်ကို စစ်ကူပို့တယ်။ တိုက်ပွဲတွေပြင်းထန်နေရင် ဟားခါးကနေ လက်နက်ကြီးတွေ ပစ်ကူပေးတယ်။ အဲဒါကြောင့် ဟားခါးကနေ ထန်တလန်ကို စစ်ကူမပို့နိုင်အောင် ကျွန်တော်တို့ ရနိုင်သမျှ တားဆီးပိတ်ဆို့ တိုက်ခိုက်ပေးနေတာဖြစ်တယ်” လို့ CDF-Hakha တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ဟားခါးအခြေစိုက် စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းနဲ့ ရဲစခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ လေးဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး စုစုပေါင်း ၁၇ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့သလို တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကိုလည်း စစ်သုံ့ပန်းအဖြစ်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

 

လေးလတာတိုက်ပွဲတွေထဲက သေနတ် ၄၃ လက် သိမ်းဆည်းရရှိပြီး အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီက သေနတ် ခုနစ်လက်ရရှိတယ်လို့ သိရပါတယ်။ အဲဒီထဲ ၆၀ မမ၊ M-79 လောင်ချာနဲ့ MA-17 စက်လက်တွေပါဝင်တယ်လို့ CDF ဟားခါးဆီကနေ သိရပါတယ်။

 

ဒါ့အပြင် ဟားခါးမြို့ကို တပ်အင်အားနဲ့ လက်နက်၊ ရိက္ခာဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်ရဲ့ Mi-17 အမျိုးအစား ရဟတ်ယာဥ်တစ်စီးကိုလည်း CDF-Hakha က ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

အခုရက်ပိုင်းအတွင်း ဟားခါးမှာ တိုက်ပွဲမရှိပေမဲ့ စစ်ကောင်စီတပ်က မြို့တွင်းခြေရှုပ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

 

လက်ရှိ ချင်းပြည်မှာ ထန်တလန်မြို့သိမ်း တိုက်ပွဲအပါအဝင် မင်းတပ်၊ ဖလမ်း စတဲ့မြို့တွေမှာလည်း မြို့သိမ်းတိုက်ပွဲအတွက် ဆင်နွှဲနေကြပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

 

ဓာတ်ပုံ – CDF-Hakha

 

ပုံစာ – ဟားခါးတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းတွေကို တွေ့မြင်ရစဥ်