အီလွန်မက်ဦးဆောင်မယ့် အစိုးရထိရောက်မှုဆိုင်ရာ ဌာနအသစ် ထရမ့်ဖွဲ့စည်း
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတအသစ် ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အစိုးရအသစ်အတွက် အစိုးရထိရောက်မှုဆိုင်ရာဌာန (DOGE) အသစ် တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဌာနကို ကမ္ဘာ့ထိပ်တန်းသူဌေး အီလွန်မက် (Elon Musk) နဲ့ ရီပတ်ဘလီကန်ရဲ့ သမ္မတလောင်းဟောင်း ဗီဗက်ခ်ရာမာဆွာမီ (Vivek Ramaswamy) တို့က ဦးဆောင်မှာ ဖြစ်တယ်လို့ ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ပြောပါတယ်။
ဌာနသစ်ရဲ့ အဓိကရည်ရွယ်ဟာ အစိုးရဗျူရိုကရေစီစနစ်ကို ဖြိုချဖို့၊ မလိုအပ်တဲ့ စည်းမျဉ်းတွေကို လျှော့ချဖို့နဲ့ ဖက်ဒရယ်အစိုးရဌာနတွေ ပြန်လည်ဖွဲ့စည်းဖို့အတွက် ဖြစ်တယ်လို့ ထရမ့်က ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
Forbes မဂ္ဂဇင်းရဲ့ အဆိုအရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla၊ လူမှုကွန်ရက် X (ယခင် Twitter) နဲ့ အာကာသကုမ္ပဏီ SpaceX တို့ရဲ့ CEO လည်း ဖြစ်တဲ့ အီလွန်မက်ဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ဒေါ်လာသန်းပေါင်းများစွာ ထည့်ဝင်လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် Madison Square Garden မှာပြုလုပ်ခဲ့တဲ့ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးပွဲမှာလည်း ဖက်ဒရယ်ဘတ်ဂျက်ကို အနည်းဆုံး ဒေါ်လာ နှစ်ထရီလီယံအထိ လျှော့ချနိုင်တယ်လို့လည်း မက်က ပြောဆိုထောက်ပြခဲ့ပါသေးတယ်။
ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Wedbush Securities က ဈေးကွက်လေ့လာသူ ဒယ်နီရယ်အိဗ် (Daniel Ives) ကတော့ “မက်ဟာ ထရမ့်ရဲ့ အိမ်ဖြူတော်မှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်မှာဖြစ်ပြီး ဖက်ဒရယ်အစိုးရဌာနတွေအပေါ် လွှမ်းမိုးလာနိုင်ပါတယ်။ ဒီအခွင့်အရေးဟာ မက်နဲ့ Tesla အတွက် အကျိုးများပါလိမ့်မယ်” လို့ သုံးသပ်ခဲ့ပါတယ်။
အီလွန်မက်ကတော့ သူ့ရဲ့ လူမှုကွန်ရက် X မှာ ဌာနရဲ့ လုပ်ဆောင်ချက်တွေကို ပွင့်လင်းမြင်သာစွာ ချပြသွားမှာဖြစ်ပြီး အခွန်ထမ်းပြည်သူတွေရဲ့ ငွေကို အကျင့်ပျက်ခြစား သုံးစွဲမှုတွေကိုလည်း ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Public Citizen အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ လီဆာဂဲလ်ဘတ် (Lisa Gilbert) က “မက်ဟာ အစိုးရထိရောက်မှုနဲ့ စည်းမျဉ်းတွေအကြောင်း နားမလည်သူဖြစ်ပြီး သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကိုယ်တိုင်က စည်းမျဉ်းတွေကို ချိုးဖောက်နေတာဖြစ်ပါတယ်။ ဒါဟာ ကော်ပိုရိတ်အကျင့်ပျက်ခြစားမှုရဲ့ အမြင့်ဆုံး ပုံစံဖြစ်တယ်” လို ဝေဖန်ထားပါတယ်။
ဌာနသစ်ရဲ့ နာမည်အတိုကောက် DOGE ဟာ မက် အားပေးထောက်ခံနေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခု ဖြစ်တဲ့ dogecoin နဲ့ ဆက်စပ်နေပါတယ်။ အမေရိကန်ရွေးကောက်ပွဲနောက်ပိုင်းမှာ dogecoin ရဲ့ တန်ဖိုးဟာ နှစ်ဆကျော်မြင့်တက်လာခဲ့သလို Tesla ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာလည်း ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ဌာနသစ်ရဲ့ လုပ်ငန်းတွေကတော့ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးကြေညာစာတမ်း အနှစ် ၂၅၀ ပြည့်တဲ့နေ့ဖြစ်တဲ့ ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – Brian Snyder/ Reuters
ပုံစာ- အောက်တိုဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ်တလာမြို့က မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ ထရမ့်နဲ့ အီလွန်မက်တို့ကို အတူတွေ့မြင်ရစဉ်
ကိုးကား – Reuters