ဒီတစ်ပတ် ကျပ်ငွေ အခြေအနေ (အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်နေ့အထိ)

Author ကိုထားဝယ်
Categories
Published on Oct 13, 2024

“ဇူလိုင်ဈေးနားအထိ ပြန်ရောက်လာတဲ့ နိုင်ငံခြားငွေ”

ဒီတစ်ပတ်အတွင်း အရင်အပတ်ကလိုပဲ ကျပ်ငွေဈေး ဆက်မာပြီး နိုင်ငံခြားငွေဈေးတွေ အကျဈေးထဲ တဝဲလည်လည်ဖြစ်နေခဲ့ပါတယ်။

 

ဒီတစ်ပတ်ထဲမှာလည်း စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းမှာ အဓိကလဲလှယ်သုံးစွဲကြတဲ့ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ်တွေကို သူတို့ရဲ့ အွန်လိုင်း FX ဈေးကွက်ကနေ ထုတ်ရောင်းခဲ့တာကို သူတို့ဝက်ဘ်ဆိုက်ထဲ တွေ့ရပါတယ်။

 

အောက်တိုဘာ ၇ ရက် တနင်္လာနေ့ကနေ သောကြာနေ့အထိ အင်္ဂါနေ့ကလွဲပြီး စစ်ကောင်စီဗဟိုဘဏ်က ဆက်တိုက်ရောင်းပေးခဲ့တာဖြစ်ပါတယ်။

 

တနင်္လာနေ့မှာ ထိုင်းတစ်ဘတ် ၁၀၇ ဒသမ ၆၀ နှုန်းနဲ့ ၁၀ သန်းကျော်ထုတ်ရောင်းခဲ့သလို ဗုဒ္ဓဟူးနေ့မှာ တရုတ်တစ်ယွမ် ၅၀၉ ကျပ်နှုန်းနဲ့ ၆၆၀,၀၀၀ ကျော်ထုတ်ရောင်းခဲ့ပါတယ်။

 

အဲဒီနောက် ကြာသာပတေးနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၅၄ ကျပ်နှုန်းနဲ့ ၁၂ ဒသမ ၄၈ သန်းကျော်၊ ထိုင်းတစ်ဘတ် ၁၁၅ ဒသမ ၉၀ နှုန်းနဲ့ ၃၈ ဒသမ ၇၃ သန်းကျော်နဲ့ သောကြာနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၅၄ ကျပ်နှုန်းနဲ့ ၇၃၄,၀၀၀ ကျော်အထိ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်၊ ထိုင်းဘတ် ၄၉ သန်းကျော်နဲ့ တရုတ်ယွမ် ၆၆၀,၀၀၀ ကျော်ရောင်းပေးခဲ့တာဖြစ်ပါတယ်။

 

ဒီတစ်ပတ် နိုင်ငံခြားငွေဈေးကွက် အဖွင့်နေ့မှာတော့ အရင်ပတ်ကဈေးထက် အနည်းငယ် မြှင့်ဖွင့်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ နေ့တိုင်း တဖြည်းဖြည်းကျဆင်းခဲ့ပြီး နှစ်လကျော်အတွင်း အနိမ့်ဆုံးဈေးအထိ ရောက်ရှိလာခဲ့ပါတယ်။

 

ဇူလိုင် ပထမပတ်အတွင်း အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်စွန်းစွန်း၊ စင်ကာပူတစ်ဒေါ်လာ ၃၄၃၀ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၃၀ ဝန်းကျပ်နဲ့ ဇူလိုင် တတိယပတ်အတွင်း ထိုင်းတစ်ဘတ် ၁၃၂ ကျပ်ဝန်းကျင် ဈေးနှုန်းမှာသာရှိခဲ့တာပါ။

 

အခု အောက်တိုဘာ ဒုတိယပတ် စနေနေ့အပိတ်ဈေးကလည်း အမေရိကန်တစ်ဒေါ်လာ ၄၅၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၄၆၀ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၃၀ ဝန်းကျပ်နဲ့ ထိုင်းတစ်ဘတ် ၁၃၄ ကျပ် ဖြစ်ပါတယ်။ ဒါ့အပြင် မလေးရှားတစ်ရင်းဂစ် ၁၀၄၀ ကျပ်နဲ့ ဂျပန်တစ်ယန်း ၃၀ ကျပ်နီးပါးအထိ ကျဆင်းလာခဲ့ပါတယ်။

 

ဒီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ အပတ်တွင်းကထက် အမေရိကန်တစ်ဒေါ်လာကို ၁၀၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၇၀ ကျပ်၊ တရုတ်တစ်ယွမ်ကို ၂၅ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၄ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၄၀ ကျပ်နဲ့ ဂျပန်တစ်ယန်း ၁ ကျပ်ကျော်ကျဆင်းလာခဲ့ပါတယ်။

 

Source – Myanmar Market Price