တောင်ကိုရီးယားအရေးဆွေးနွေးဖို့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမယ်
တောင်ကိုရီးယား နိုင်ငံရဲ့ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေထဲက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး အဖြေရှာဖို့နဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးပိုခိုင်မြဲစေဖို့အတွက် တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံခြားဝန်ကြီးတို့ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေးယွယ်လ်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာခဲရှိအီဝါယတို့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
အခုလိုမျိုး နှစ်နိုင်ငံကြားတွေ့ဆုံမှုဟာ ရာထူးက ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံတာလည်းဖြစ်ပါတယ်။
ယွန်ဟာ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခြင်းအဆို တင်သွင်းခံရပြီး အပြစ်ရှိကြောင်း မဲနိုင်ခဲ့တဲ့အတွက် ရာထူးက ဆိုင်းငံ့ခံထားရသလို စုံစမ်းစစ်ဆေးရေးမှူးတွေကလည်း သူ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းနေကြပါတယ်။
အခု ဇန်နဝါရီလ အစောပိုင်းမှာလည်း ယွန်ရဲ့ နေအိမ်ကို တာဝန်ရှိသူတွေက ဖမ်းဝရမ်းနဲ့ ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ပေမဲ့ ယွန်ရဲ့ လုံခြုံရေးတွေရဲ့ တားဆီးမှုကြောင့် ဖမ်းဆီးခံရတာ မရှိခဲ့ပါဘူး။
မစ္စတာအီဝါယဟာ တောင်ကိုရီးယားရဲ့ယာယီ သမ္မတဖြစ်သူ ချွိုင်ဆန်မော့နဲ့လည်း တွေ့ဆုံဖို့စီစဉ်ထားတယ်လို့လည်း ဂျပန်အစိုးရဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ တောင်ကိုရီးယားသမ္မ ယွန်နဲ့ ဂျပန်ဝန်ကြီးချုပ် (ဟောင်း) ဖူမီယိုခီရှိဒ တို့ဟာ သုံးနိုင်ငံအကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ချမှတ်လုပ်ဆောင် ခဲ့ဖူးပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒေါ်နယ်ထရမ့်က လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတသစ်ရာထူးရယူမှာ ဖြစ်တာကြောင့် သဘောတူညီချက်ကို ချမှတ်ခဲ့တဲ့ မူလ ခေါင်းဆောင်သုံးဦးစလုံး ရာထူးလက်ကိုင် မရှိကြတော့ပါဘူး။
ဂျပန်နိုင်ငံရဲ့ ၁၉၁၀ ကနေ ၁၉၄၅ အထိ ကိုရီးယားကျွန်းဆွယ်ကို ကျူးကျော်သိမ်းပိုက်ခဲ့မှုကြောင့် နှစ်နိုင်ငံကြား သံတမန်ရေးရာ မပြေလည်မှုတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေပါ ရှိခဲ့တဲ့အတွက် ဆယ်စုနှစ်များစွာ ကြာတဲ့အထိ နှစ်နိုင်ငံကြားဆက်ဆံရေးဟာ အနိမ့်ဆုံးအခြေအနေကို ရောက်ခဲ့ပေမဲ့ ယွန်နဲ့ ခီရှိဒ တို့နှစ်ဦးလက်ထက်မှာတော့ နှစ်နိုင်ငံကြားဆက်ဆံရေး သိသိသာသာ တိုးတက်ခဲ့ပါတယ်။
ယွန်ဟာ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲဖို့ ဦးစားပေးလုပ်ဆောင်ခဲ့တဲ့အပြင် မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ဖို့အတွက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာလည်း ဂျပန်နိုင်ငံနဲ့သာမက အမေရိကန်ပြည်ထောင်စုနဲ့ပါ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တောင်ကိုရီးယားကို လာရောက်ခဲ့ပြီး တောင်ကိုရီးယားရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အပေါ်ယုံကြည်ကြောင်း ပြောဆိုခဲ့ပေမဲ့ ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာပြီး လုပ်ဆောင်ခဲ့မှုတွေအပေါ်မှာတော့ အလွန်အမင်းစိုးရိမ်ပူပန်ခဲ့ရတယ်လို့ ပြောဆိုပါတယ်။
စစ်တမ်းကောက်ယူမှုတွေအရ တောင်ကိုရီးယားနိုင်ငံသားအများစုဟာလည်း ယွန်ရဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကို သဘောမကျခဲ့သလို ယွန် အပေါ် စွပ်စွဲပြစ်တင်မှုတွေကိုလည်း ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ယွန်ရဲ့ ပါတီဖြစ်တဲ့ ပြည်သူ့အာဏာပါတီ (PPP) ကိုတော့ ထောက်ခံသူတွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။
ဒီကနေ့မှာ ထုတ်ပြန်ခဲ့တဲ့ Realmeter ရဲ့ စစ်တမ်းအရ PPP ကို ထောက်ခံသူဟာ ၄၀ ဒသမ ၈ ရာခိုင်နှုန်းအထိရှိခဲ့ပြီး အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီကတော့ ထောက်ခံမှု ၄၂ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က ပါတီနှစ်ခုကြား ထောက်ခံမှုကွာဟချက် ၁၀ ဒသမ ၈ ရာခိုင်နှုန်းရှိရာကနေ ၂ ရာခိုင်နှုန်းနီးပါးအထိပဲ ရှိတော့တဲ့အထိ ကျဆင်းလာတာကြောင့် PPP ကို ထောက်ခံသူတွေ ပိုများပြားလာတာကို တွေ့ရတယ်လို့ စစ်တမ်းမှာဆိုထားပါတယ်။
ဓာတ်ပုံ -REUTERS/Angela Ponce
ပုံစာ – ပီရူးနိုင်ငံ လီမာမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာကျင်းပတဲ့ အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း (APEC) ထိပ်သီးအစည်းအဝေးမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတာခဲရှိအီဝါယ ကို တွေ့မြင်ရစဉ် (ပုံအဟောင်း)