တစ်ကိုယ်တော် မိခင်ဆိုတာ…
တစ်ကိုယ်တည်း ရပ်တည်နေကြတဲ့ မိခင်အများစုဟာ ကိုယ်တိုင်ရဲ့ ရွေးချယ်မှုကြောင့်ပဲဖြစ်ဖြစ် ထင်မှတ်မထားတဲ့ ဘဝအခြေအနေတွေကြောင့်ပဲဖြစ်ဖြစ် ကြုံတွေ့လာရသမျှ အခြေအနေမှန်သမျှကို တစ်ယောက်တည်း ရင်ဆိုင်နေရရုံတင် မဟုတ်ဘဲ ရိုက်ခတ်မှုအမျိုးမျိုးကနေ ကိုယ့်ရဲ့ရင်သွေးကိုပါ ကာကွယ်ပေးထားကြရသူတွေဖြစ်ပါတယ်။
အခြေအနေအရပ်ရပ်ကြောင့် ကမ္ဘာနဲ့အဝန်းမှာ မိခင်တစ်ဦးတည်းနဲ့ ရပ်တည်နေတဲ့ အိမ်ထောင်စုဦးရေဟာ စုစုပေါင်း ၁၀၁ သန်းကျော် ရှိနေပါတယ်။ သာမန် မိခင်တစ်ယောက်နဲ့ အိမ်ထောင်ဖက်မရှိဘဲ တစ်ယောက်တည်း ရပ်တည်နေတဲ့ မိခင်တစ်ယောက်နဲ့ ယှဉ်လိုက်တဲ့အခါ ကြုံတွေ့လာရမဲ့ လူမှုရေး၊ စီးပွားရေးပြဿနာတွေက ရိုက်ခတ်ပုံချင်းလည်း မတူသလို ရင်ဆိုင်ကြရပုံချင်းလည်း ကွဲပြားပါတယ်။
တစ်ကိုယ်တော်မိခင်တွေဟာ ဘယ်လိုပြဿနာတွေ အများဆုံးကြုံနေကြရတာလဲ၊ ဘယ်လို အကြောင်းအရာတွေက အများဆုံး ထိုးနှက် ရိုက်ခတ်နေတာ ဖြစ်မလဲဆိုတာကို ဒီနေ့အတွက် “သိစေချင်လို့”ဆိုတဲ့ အစီအစဉ်လေးမှာ ဖတ်ရှုသွားနိုင်ပါတယ်။
****************************************
ဘာကြောင့် တစ်ကိုယ်တည်းရပ်တည်ကြသလဲ
မိခင်တစ်ယောက်တည်း တည်ဆောက်ထားတဲ့ မိသားစုအသိုက်အဝန်းတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲဆိုရင်တော့ အိမ်ထောင်ရေးပျက်စီးသွားတာတွေ၊ အိမ်ထောင်ဖက်ဆုံးပါးသွားတာကြောင့်ဆိုတဲ့ အချက်တွေအပြင် ကာယကံရှင်ကိုယ်တိုင် ရွေးချယ်ခွင့်မရှိဘဲ ကိုယ်ဝန်ဆောင်ခဲ့ရတာတွေနဲ့ ရွေးချယ်မှုပြုလုပ်ပြီး မိခင်ဘဝကို ခံယူလိုက်တာတွေကိုပါ ထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။
အိမ်ထောင်တစ်ခု ပြိုလဲသွားရာကနေ မိဘတစ်ဦးတည်းရဲ့ ထိန်းကျောင်းမှု အောက်မှာရှိနေတဲ့ ငါးနှစ်အောက် ကလေးအရေအတွက်ဟာ စုစုပေါင်း ငါးနှစ်အောက် ကလေးအရေအတွက်ရဲ့ ၁၂ ရာခိုင်နှုန်း ရှိနေပြီးတော့ အဲဒီထဲမှာမှ ၉၂ ရာခိုင်နှုန်းကတော့ မိခင်နဲ့အတူ နေထိုင်ကြတဲ့ ကလေးငယ်လေးတွေဖြစ်ပါတယ်။
စားဝတ်နေရေး အခက်အခဲတွေဖြစ်တဲ့ နေစရိတ်၊ စားစရိတ်နဲ့ ဝင်ငွေနည်းပါးမှုတွေအပြင် နယ်မြေဒေသ၊ မိသားစုနောက်ခံတွေ ပေါ်မူတည်ပြီး ကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေကြောင့် တစ်ကိုယ်တည်း ရပ်တည်ဖို့လမ်းကို ရွေးကြတာများပါတယ်။
အိမ်ထောင်ဖက်ဆုံးပါးသွားတာကြောင့် ရွေးချယ်လို့မရတော့ဘဲ တစ်ကိုယ်တည်း ရပ်တည်လိုက်ကြရတဲ့ မိခင်တွေလဲ ဒုနဲ့ဒေးပါ။ ၂၀၂၂ ခုနှစ်ရဲ့ စစ်တမ်းအရ အမေရိကန်နိုင်ငံမှာဆိုရင် အသက် ခြောက်နှစ်အောက် ကလေးငယ်ပေါင်း ခြောက်သောင်းကျော်နဲ့ အသက်ဆယ့်ရှစ်နှစ်အောက် ကလေးစုစုပေါင်း ငါးသိန်းလေးသောင်းကျော်ဟာ ဖခင်ဆုံးပါးသွားတာကြောင့် မိခင်နဲ့အတူ နေထိုင်ကြသူတွေဖြစ်ပါတယ်။
ဒါတွေအပြင် ကိုယ်တိုင်ရွေးချယ်ပြီး သားသမီးမွေးစားတာမျိုး ကိုယ်တိုင်မွေးဖွားတာမျိုးတွေနဲ့ တစ်ကိုယ်တော် မိခင်အဖြစ် ခံယူလာကြတာတွေလဲ အတော်များလာပါတယ်။
****************************************
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနဲ့ မိခင်
မိခင်တိုင်းမှာ စိတ်ထိခိုက်စရာတွေ ရှိနေကြတာမှန်ပေမဲ့လည်း တစ်ကိုယ်တည်း ရပ်တည်နေကြရတဲ့ မိခင်တွေမှာ စိတ်ထိခိုက်စရာတွေ ပိုပြီးများတဲ့အပြင် ခံစားချက်တွေကို ဖွင့်ဟဖို့ကလည်း သာမန်မိခင်တွေထက် ပိုပြီးအခွင့်အရေး နည်းပါတယ်။ ဒါကြောင့်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ စိတ်ကျန်းမာရေးချို့တဲ့တာတွေ ပိုပြီးဖြစ်ကြရတာပါ။ တစ်ကိုယ်တော်မိခင်ဆိုတာ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ ဘဝရပ်တည်ရေးအတွက် လုပ်ငန်းခွင်မှာ ကျင်လည်ရသလို မိခင်တစ်ယောက်အဖြစ်နဲ့လည်း ကိုယ့်ကလေးရဲ့ ကျန်းမာရေး၊ ပညာရေးအပါအဝင် ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုပါ ထည့်သွင်းစဉ်းစားပေးပြီး ရပ်တည်နေကြရသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဘာကြောင့် တစ်ကိုယ်တည်း ရပ်နေရသလဲဆိုတဲ့ မေးခွန်းအပေါ်မူတည်ပြီး မိခင်တစ်ယောက်ချင်းစီရဲ့ ရင်ဆိုင်ရသမျှတွေက ထပ်ပြီးကွဲပြားနေပြန်ပါတယ်။
ဖခင်ဆုံးပါးသွားတာကြောင့်ပဲဖြစ်ဖြစ်၊ မိသားစုပြဿနာကြောင့်ပဲဖြစ်ဖြစ် မိခင်တစ်ယောက်အနေနဲ့ ကလေးကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးဖြစ်မသွားရအောင် ထိမ်ချန်ကွယ်ဝှက်ထားရတာတွေ ရှိစမြဲပါ။ အထူးသဖြင့် ကလေးဟာ အသက်အရွယ်အားဖြင့် ငယ်လွန်းနေသေးတဲ့ အချိန်မျိုးတွေမှာဆိုပါတော့။
အသက် ခြောက်နှစ်အရွယ် သားငယ်နဲ့ အတူနေသူ မခိုင်ဟာ ကလေးအသက် လေးနှစ်မှာကတည်းက စီးပွားရေးအခြေအနေအရ ရပ်ဝေးမှာအလုပ်လုပ်နေသူ ခင်ပွန်းဖြစ်သူနဲ့ ခွဲခွာပြီးနေသူတစ်ဦးဖြစ်ပါတယ်။ ကလေး ငါးနှစ်အရွယ်မှာ နိုင်ငံရေးအခြေအနေကြောင့် ခင်ပွန်းဖြစ်သူနဲ့ အဆက်အသွယ်ပြတ်သွားပြီး တစ်နှစ်ကျော်ကျာ် အဆက်အသွယ် လုံးဝပြန်မရသေးဘဲ တစ်ကိုယ်တည်းရပ်တည်လာခဲ့ရသူ တစ်ဦးပါ။
ခင်ပွန်းဖြစ်သူရဲ့လုပ်ငန်းခွင်ကိုလည်း ဆက်သွယ်လို့မရတာကြောင့် တစ်ဖက်က ဆက်သွယ်လာတာကို စောင့်ရုံကလွဲပြီး မတတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ကလေးကိုယ်တိုင်ကလည်း ကျောင်းနေအရွယ် ဖြစ်တာကြောင့်ရော မိခင်ကို ပြန်ပြီးမေးခွန်းထုတ်တတ်တဲ့ အရွယ်ဖြစ်နေတာကြောင့်ရော မခိုင်အတွက် ကလေးရဲ့ မေးခွန်းတွေနဲ့ အပြုအမူတွေဟာ တစ်ခါတစ်ခါ စိတ်အားငယ်စေပြီး တစ်ခါတစ်ခါ ဝမ်းနည်းရတယ်လို့ ဆိုပြန်ပါတယ်။
“သူများအဖေတွေ အိမ်ပြန်လာတဲ့အခါ ဆိုင်ကယ်သံကြားရင် ထွက်ထွက်ကြည့်ပြီး ပြောတတ်တယ်။ ဖေဖေကလည်း ပြန်ကို မလာသေးဘူးတဲ့။ တစ်ခါဆို ဖေဖေက အဲဒီလို ပြန်မလာရင် သူပြန်လာရင် သားတို့ကို မတွေ့ဘဲ ငိုအောင် ဘွားဘွားကြီးတို့ဆီပဲ သွားနေတော့မယ်ဆိုပြီး ပြောသေးတယ်။ ကိုယ်က အဲဒီလို ကြားရတော့လည်း စိတ်မကောင်းဖြစ်တာပေါ့။ ကိုယ့်ယောက်ျားက ဘယ်လိုအခြေအနေမှာ ရောက်နေမှန်းမသိတော့ ကိုယ်တိုင်လည်း အခြေအနေကို ဘယ်လိုရှင်းပြရမှန်းမသိဘူး” လို့ မခိုင်က ပြောပါတယ်။
ကိုယ်တိုင်က အသက်ရှင်နေသေးတယ်လို့ပဲ လက်ခံထားသူ ဖြစ်တာကြောင့် ပတ်ဝန်းကျင်က ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီလို့ ပြောတဲ့အခါ အတော်လေးဝမ်းနည်းမိပေမဲ့ ကလေးမမြင်ကွယ်ရာမှာပဲ ခိုးငိုဖြစ်တယ်လို့ ဆိုပါတယ်။
****************************************
စီးပွားရေးထိုးနှက်ချက်များနဲ့ မိခင်
မိခင်တစ်ဦးတည်းနဲ့ ရပ်တည်နေကြတာဖြစ်လို့ မိသားစုတစ်စုလုံးမှာ မိခင်ကပဲ စီးပွားလည်းရှာရသလို အိမ်ထောင်မှုကိုလည်း ထိန်းနေကြရပါတယ်။ အများအားဖြင့် အသိုင်းအဝိုင်းနောက်ခံရှိသူ တော်တော်များများကပဲ ကိုယ့်ရဲ့ကလေးကို ဆွေမျိုးသားချင်း လက်အပ်ထားခဲ့ပြီး လုပ်ငန်းခွင်မှာ စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်နိုင်ကြတာပါ။
ဒါပေမဲ့ အမျိုးသမီးတိုင်းမှာ အားကိုးအားထားစရာ၊ ယုံကြည်ထားရလောက်သူတွေ ရှိမနေပါဘူး။ လူမှုဘဝရပ်တည်ရေးအတွက် မဖြစ်မနေကုန်ကျရတဲ့ နေရေး၊ စားရေး၊ ကလေးပညာရေး၊ ကျန်းမာရေးစတဲ့ အကြောင်းအရာ အမျိုးမျိုးအတွက် ကုန်ကျစရိတ်တွေကို ကိုယ်တိုင်မှမရှာရင် ရှာမဲ့လူမရှိသလို ကလေးကိုကြည့်ပေးမဲ့ လူကလည်း မရှိတာကြောင့် တော်တော်များများ အခက်တွေ့ကြရပါတယ်။ ဒါ့အပြင် ဝင်ငွေနည်းပါးတဲ့ မိခင်တွေကျတော့လည်း အသုံးစရိတ်မလောက်ငှတာတွေ၊ ကြွေးမြီကင်းလွတ်မှု မရှိတာတွေပါ ဖြစ်လာတတ်ကြ ပြန်ပါတယ်။ သာမန်မိသားစုတွေမှာလည်း ဖြစ်လေ့ဖြစ်ထ ရှိတာမှန်ပေမဲ့ တစ်ကိုယ်တော်မိခင်တွေဟာ ပိုပြီးပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေ ဖြစ်နိုင်ပါတယ်လို့ ကျန်းမာရေးစစ်တမ်းတချို့မှာ ဖော်ပြထားပါတယ်။
ဒါတင်မကသေးဘဲ ဝင်ငွေမြင့်တဲ့နိုင်ငံ အတော်များများကို စစ်တမ်းကောက်ကြည့်တဲ့ အခါမှာ ကလေးငယ်လေးတွေရှိတဲ့ အိမ်ထောင်စုတွေထဲမှာမှ မိဘနှစ်ဦးစလုံးရှိတဲ့ အိမ်ထောင်စုတွေထက် မိခင်တစ်ယောက်တည်း ဦးဆောင်နေရတဲ့ အိမ်ထောင်စုတွေက ငွေကြေးချို့တဲ့မှုတွေကို ပိုပြီး ရင်ဆိုင်နေကြရကြောင်း တွေ့ရပါတယ်။
အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာနဲ့အမျှ တစ်ကိုယ်တည်း ရပ်တည်နေကြသူ မိခင်တွေအဖို့ ကိုယ်နဲ့အကိုက်ညီဆုံး ဖြစ်စေမဲ့ အလုပ်မျိုးကိုရှာရတာ သိပ်ခက်ခဲလာပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်း အခြေအနေတွေဟာလည်း တစ်ရှိန်ထိုး မြင့်တက်လာတာကြောင့် အိမ်ထောင်စု တော်တော်များများဟာ ဝင်ငွေထွက်ငွေမမျှဘဲ အကျပ်အတည်း တော်တော်များများကို ရင်ဆိုင်နေကြရတာပါ။
တစ်ကိုယ်တော်မိခင်တစ်ဦးဖြစ်တဲ့ မခိုင်ကတော့ ဝင်ငွေရှားပါးတာရော ကုန်ဈေးနှုန်းတွေကြီးတာကြောင့်ရော ဖြစ်လာရတဲ့အခြေအနေကို အခုလိုပြောပါတယ်။
“အရင်ကနဲ့တော့ ဘယ်တူပါ့မလဲ။ အခုကတော့ အကုန်ချွေတာနေရတာပါပဲ။ အရင်က မုန့်နှစ်ထုပ် ဝယ်ကျွေးရင်တောင် အခုက မုန့်တစ်ထုပ်ကိုတောင် အနိုင်နိုင် ကလေးဆိုလည်း သူများတန်းတူတော့ ထားချင်တာပဲ။ ဒါပေမဲ့ ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ရုံလုပ်ရတာပေါ့။ ကလေးပူဆာတော့လည်း ချော့တစ်လှည့် ခြောက်တစ်လှည့်နဲ့ ထိန်းတာများပါတယ်။ အရင်က တစ်ခါနှစ်ခါ ပူဆာလို့ဝယ်ပေးရင် အခုတော့ လေးငါးခါပြောလည်း အဆင်ပြေမှဝယ်ပေးနိုင်တော့တယ်”လို့ ပြောပါတယ်။
မခိုင်ဟာ အလုပ်ထွက်လုပ်ချင်ပေမဲ့ သားငယ်ကို ကြည့်ရှုပေးထားမဲ့ လူမရှိတာကြောင့် အရင် အလုပ်လုပ်ခဲ့ဖူးတဲ့ နေရာကနေ ပြန်ကမ်းလှမ်းတာတောင် သွားမလုပ်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
တစ်ကိုယ်တော် မိခင်အဖြစ် ရပ်တည်နေကြရတဲ့ အမျိုးသမီးတွေဟာ သာမန်ထက်ပိုပြီး စိတ်ဓာတ်ကြံခိုင်ဖို့သလို ကြုံသမျှအခက်အခဲတိုင်းကိုလည်း တစ်ကိုယ်တည်း ရင်ဆိုင်ကြရမဲ့လူတွေဖြစ်ပါတယ်။
မိသားစုတစ်စုကို ဖန်တီးတဲ့အခါ မိခင်ရော ဖခင်ပါ အတူတူရှိနေသည့်တိုင် ကိုင်တွယ်ဖြေရှင်းရတဲ့ ပြဿနာတွေက အတော်လေးကို များလွန်းလှပါတယ်။
အဲဒီပြဿနာတွေက မိခင်တစ်ယောက်တည်း ရပ်တည်လိုက်တဲ့အခါ နှစ်ဆပိုတိုးသွားပါတယ်။ ရှောင်လွှဲလို့မရတဲ့ စီးပွားရေးပြဿနာတွေ၊ နောက်တော့ သားသမီးတွေအတွက် တွေးဆပေးရတာတွေအပြင် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုပါ ရှိလာတဲ့အခါ အမျိုးသမီးတစ်ယောက်အဖြစ်ရော မိခင်တစ်ယောက်အဖြစ်ပါ ရပ်တည်နေထိုင်ရတာဟာ အတားအဆီးတွေ အခက်အခဲတွေသိပ်များလွန်းလှပါတယ်။
ဒီလိုအခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေရတာတောင်မှပဲ မိသားစုဘဝကိုရော မိမိရင်သွေးကိုပါ မထိခိုက်မပျက်စီးရအောင် အတတ်နိုင်ဆုံး ကြိုးစားဖန်တီးနေကြသူ အမျိုးသမီးတွေဟာ သိပ်ကို ကြံ့ခိုင်လွန်းကြပါတယ်။
References:
– Kruvelis, M., Cruse, L. R., & Gault, B. (n.d.). Single Mothers in College: growing enrollment, financial challenges, and the benefits of attainment. Briefing Paper #C460.
– Statista. (2024, July 5). Children living with a single widowed parent in the U.S. 2022, by age of child.
– Dharani, M. K., & Balamurugan, J. (2024). The financial hardships of single mothers: A review of two decades. Multidisciplinary Reviews, 7(8), 2024179.
– Ortiz-Ospina, E., & Roser, M. (2023, December 28). Marriages and divorces. Our World in Data.