တောင်ညိုရဲစခန်းက ရဲနဲ့ ပျူတွေကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးသေလို့ဆို

Published on Jul 12, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုရဲစခန်းကနေထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ပြီးခဲ့တဲ့ဇူလိုင် ၁၀ ရက်နေ့ ည ၁၀ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရပါတယ်။

 

တောင်ညိုရဲစခန်းကနေ ဆိုင်ကယ်ငါးစီးနဲ့ ကင်းပတ်ထွက်လာတဲ့ ရဲနဲ့ ပျူစောထီး ၁၂ ဦးခန့်ကို ညောင်လှရွာအုပ်စုပိုင် စာသင်ကျောင်းအနီးမှာ ကျွဲမိုင်း နှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ ငါးဦးထဲက နှစ်ဦးဟာ မိုင်းထိမှန်ဒဏ်ရာတွေနဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ ရှေ့တန်းရဲဘော်တွေဆီက သိရပေမဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း-၃၈၀၁၊ တပ်ခွဲ(၂) PHOENIX D F က သတင်းတာဝန်ခံက ပြောပါတယ်။

 

အဲဒီနောက် စစ်ကောင်စီဘက်က လက်နက်ကြီး/ငယ်တွေ ရမ်းသမ်းပစ်ခတ်ခဲ့သလို အဲဒီနေရာအနီးတဝိုက်မှာ အစစ်အဆေးကြမ်းနေတယ်လို့ သတင်းတာဝန်ခံ ကိုဂျူပီတာက ပြောပါတယ်။

 

ဒါ့အပြင် ညောင်လှရွာဘေးရှိ ဆင်သေရွာက အမျိုးသမီးတစ်ဦးကို ဇူလိုင် ၁၀ ရက်ညပိုင်းမှာပဲ တောင်ညိုရဲစခန်းထံ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ ဇူလိုင် ၁၂ ရက်မှာ အကျယ်ချုပ်နဲ့ဖမ်းထားဆဲဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်