NATO အစည်းအဝေးမှာ ဘိုင်ဒင်က ဇလန်းစကီးကို ပူတင်လို့ မှားယွင်း မိတ်ဆက်

Author အဂ္ဂ
Categories
Published on Jul 12, 2024

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်း သမ္မတ ဇလန်းစကီးကို ရုရှား သမ္မတ ပူတင်ဆိုပြီး မှားယွင်းမိတ်ဆက်ပေးမိခဲ့ပါတယ်။

 

ဇူလိုင် ၁၁ ရက် ကြာသာပတေးနေ့က အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာပြုလုပ်ခဲ့တဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့(NATO)ထိပ်သီးအစည်းအဝေးမှာ အခုလိုမှားယွင်းခဲ့တာပါ။

 

ဂျိုးဘိုင်ဒင်ဟာ ဇွန်လနှောင်းပိုင်းတုန်းက သမ္မတလောင်းစကားစစ်ထိုးပွဲမှာ ပြိုင်ဘက် ဒေါ်နယ်ထရန့်ကို အရေးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခံနေရချိန် အရေးကြီးပွဲတစ်ခုမှာ အခုလိုမျိုး အရှက်ရဖွယ်လုပ်ရပ်ကို ထပ်မံပြုလုပ်မိခဲ့တာပါ။

 

အဲဒီနောက် ပထမဦးဆုံးအကြိမ်အဖြစ် လူရှေ့ပြန်ထွက်တဲ့ ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမတိုင်မီ နာရီပိုင်းအလိုမှာ ယူကရိန်း သမ္မတ ဇလန်းစကီးနာမည်နဲ့ ယူကရိန်းကို ၂ နှစ်ကျော်ကြာ ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားသမ္မတ ပူတင် နာမည်ကို မှားယွင်းခေါ်ဝေါ်ခဲ့မိတာဖြစ်ပါတယ်။

 

ဒါဟာ သူ့ရဲ့ ဒီမိုကရက်တစ်ပါတီအတွင်း သမ္မတလောင်းအဖြစ် သူ့ကို နုတ်ထွက်စေလိုသူတွေ တိုးပွားနေချိန်မျိုးမှာ အခုလိုအမှားအယွင်းမျိုး ထပ်လုပ်မိခဲ့တာပါ။

 

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ NATO ပွဲမှာ အသက် ၈၁ နှစ်အရွယ် သမ္မတဟာ “အခု ကျွန်တော်ခေါ်ချင်တဲ့ သူကတော့ တကယ့်ကို သတ္တိလည်းရှိ စိတ်ဓာတ်လည်း ကြံ့ခိုင်တဲ့ ယူကရိန်းသမ္မတပါ” လို့ ပြောဆိုပြီးတဲ့နောက်မှာ “လူကြီးမင်းများခင်ဗျာ။ သမ္မတ ပူတင်ပါ။ သမ္မတ ပူတင်ပါ” ဆိုပြီး နှစ်ကြိမ်တိတိပြောမိခဲ့တာဖြစ်ပါတယ်။

 

ပြီးနောက် သူ့ရဲ့ အမှားကို သတိထားမိသွားပြီး “သမ္မတပူတင်ကို အနိုင်ယူမယ့် သမ္မတ ဇလန်းစကီးပါ။ သမ္မတ ပူတင်ကို အနိုင်ယူမယ့်ကိစ္စကို ကျွန်တော် အာရုံစိုက်လွန်းမိသွားလို့ပါ။ ကျွန်တော်တို့ အဲဒီကိစ္စကို စိုးရိမ်နေရတယ်မဟုတ်လား” လို့ သူ့ရဲ့အမှားကို ပြန်လျှောချသွားခဲ့ပါတယ်။

 

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ အခုလို မှားယွင်းညံ့ဖျင်းလှတဲ့ မိတ်ဆက်ပေးမှုကို “ကျွန်တော်က ပိုတော်ပါတယ်” လို့ အရွှန်းဖောက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ပဲ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။

 

ဂျိုးဘိုင်ဒင်ကလည်း “မင်းက တကယ့်ကို အတော်လေးတော်ပါတယ်” လို့ အလိုက်သင့် ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

 

ဂျိုးဘိုင်ဒင်ဟာ စကားထစ်ခြင်းဝေဒနာကို ဆယ်စုနှစ်များစွာကြာအောင် ခံစားနေရတဲ့ သူလည်းဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ထရန့်နဲ့ စကားစစ်ထိုးပွဲမှာ အရေးနိမ့်ခဲ့တာ၊ တခြား စကားလုံးမှားယွင်းသုံးစွဲခဲ့တဲ့ ကိစ္စတွေအပြင် သိသာထင်ရှားတဲ့ ဇဝေဇဝါဖြစ်မှုအခြေအနေတွေကြောင့် အမေရိကန်သမ္မတတွေထဲ အသက်အကြီးဆုံး သမ္မတ ဂျိုးဘိုင်ဒန်ဟာ နှုတ်နဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေ လျော့နည်းလာနေတဲ့အတွက် သမ္မတအဖြစ် ဆက်လက်ယှဉ်ပြိုင်မယ့်အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

 

ဓာတ်ပုံ- Scott Olson/Getty Images

 

ကိုးကား- CNBC