မန္တလေးမှာ ဧရာဝတီမြစ်ရေ ကမ်းနားလမ်းနဲ့ ထိလုနီးပါးသို့ရောက်၊ ၂၀ဝ၄ ကလို ရေဘေးဒဏ်ခံရမှာ မြို့ခံများစိုးရိမ်နေ

Author အညာသား
Categories
Published on Jul 12, 2024

မန္တလေးမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပတ်ကမ်းနားလမ်း(တာရိုး)ကို ထိလုနီးပါး အခြေအနေအထိ ရောက်ရှိနေတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

မန္တလေးမြို့ ၂၆ လမ်း၊ ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်အနောက်ဘက် ရွှေဂေါဝိန်လက်ဘက်ရည်ဆိုင်နေရာ ကရဝိတ်ဆိပ်ကမ်းနားမှာ လမ်းနဲ့ မြစ်ရေ ထိလုနီးပါးဖြစ်နေတာကြောင့် သဲအိတ်တွေဖို့ကာထားရတယ်လို့ သိရပါတယ်။

 

“ဒီနေ့ရေတက်နှုန်းက မနေ့ထက်သာတယ်။ နောက်ထပ်တစ်ပေလောက်သာ တက်ခဲ့ရင် မြို့ပတ် ကမ်းနားလမ်း(တာရိုး)ပေါ် ရေကျော်လာနိုင်တယ်။ တာရိုးနိမ့်တဲ့ တချို့နေရာတွေမှာ ရေက မှေးတင်ပြီး ကျော်ချင်နေပြီ” လို့ ကမ်းနားလမ်းအနီး နေထိုင်သူ မြို့ခံတစ်ဦးက ပြောပါတယ်။

 

ဧရာဝတီမြစ်တစ်လျှောက် ကမ်းနားလမ်းဟာ မန္တလေးမြို့တည်စဉ်ကတည်းက ဖို့ခဲ့တဲ့ မြေသားတာရိုး​ ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ မြို့ပတ်တာရိုးလမ်းကို ထပ်ဆင့်တိုးချဲ့ဖောက်လုပ်ထားတာကြောင့် မြေမြို့ရိုးမှာ ခိုင်ခံ့မှုရှိသလို ကျိုးပေါက်နိုင်ခြေနည်းတယ်လို့ မြို့ခံတချို့က သုံးသပ်ကြပါတယ်။

မန္တလေးတိုင်းမှာ အဆိုးရွားဆုံးရေဘေးဒဏ်ခံခဲ့ရတဲ့ ၂၀ဝ၄ ခုနှစ်ကလို ဧရာဝတီမြစ်ရေစံချိန်တင်မြင့်တက်လာမှာကို မြို့ခံတွေက စိုးရိမ်နေကြတာပါ။

 

လတ်တလော အဲဒီရေအမှတ်ကို မရောက်သေးဘဲ မြို့ပတ်ကမ်းနားလမ်းတစ်လျှောက် မရမ်းခြံဆိပ်၊ ကရဝိတ်ဆိပ်နေရာများသာ အနိမ့်ပိုင်းဖြစ်တဲ့တွက် စိုးရိမ်ရပြီး ကျန်နေရာများမှာ ကျောက်လှေကား ငါးထစ်လောက်ကျန်သေးတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

“အရင်နှစ်ကထက် ဧရာဝတီမြစ်ရေက တိုးပါတယ်။ လောလောဆယ်တော့ စိုးရိမ်စရာမရှိသေးပါဘူး။ ပုံမှန်ရေဝင်ဧရိယာတွေ ခါတိုင်းနှစ်ထက်ရေပိုဝင်မယ်။ တချို့ရေဝင်ဧရိယာတွေက မြေဖို့ပြီး လူနေထိုင်တာ များလာတော့ ရေမဝင်ဖူးသေးတဲ့ အနိမ့်ပိုင်းနေရာ ရပ်ကွက်တွေ ရေဝင်နိုင်ဖို့ များမယ်။ အရမ်းကြီး မကြောက်ကြဖို့ မစိုးရိမ်ကြဖို့ လိုပါတယ်။ ပြင်ဆင်စရာရှိတာပြင်ထားကြတာတော့ မမှားပါဘူး” လို့ ကမ်းနားလမ်း ချော်ဆိပ်အနီးရှိ ဧရာထွန်းတိုက်တန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

အခုရက်ပိုင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကို မြို့ခံအများအပြား စိတ်ဝင်တစားလာရောက်ကြည့်ရှု နေတာကြောင့် ညနေပိုင်းတွင် ကမ်းနားလမ်းတစ်လျှောက် ပွဲတော်တစ်ခုလိုဖြစ်နေပြီး စည်ကားလျက်ရှိ တယ်လို့ သိရပါတယ်။

 

မန္တလေးမြို့ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၂၆၀ စင်တီမီတာ၊ ပေအားဖြင့် ၂၃၀ ဒသမ ၇၄ ပေဖြစ်ပြီး စစ်ကောင်စီ မိုးဇလဌာနရဲ့ ဇူလိုင် ၁၂ ရက် မနက်ပိုင်း ၆ နာရီခွဲထုတ်ပြန်ချက်အရ ၁၃၁၀ စင်တီမီတာ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့်ကျော်လွန်နေကာ နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

မန္တလေးတိုင်းမှာ ဧရာဝတီမြစ်ရေဟာ ၁၉၇၀ မှ ၂၀၁၇ ခုနှစ်အထိ ၄၈ နှစ်အတွင်း ၂၀၀၄၊ ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ်တို့မှာ စံချိန်တင်မြင့်တက်လို့ ဒေသခံများ ရေဘေးဒဏ်ခံစားခဲ့ရပါတယ်။

 

အဲဒီထဲ ၂၀ဝ၄ ခုနှစ်က အဆိုးရွားဆုံးဖြစ်ခဲ့ပြီး အဲဒီနှစ် ဇူလိုင် ၂၇ ရက်မှာ ၁၃၈၂ စင်တီမီတာ၊ ပေအားဖြင့် ၂၃၄ ဒသမ ၇၄ ပေထိ ဧရာဝတီမြစ်ရေအမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် စိုးရိမ်ရေမှတ်အထက်မှာ ၁၇ ရက်ကြာအထိ တည်ရှိခဲ့တယ်လို့ မန္တလေးမြို့ မြစ်ရေကြီးမှုမှတ်တမ်းများအရ သိရပါတယ်။

 

ဓာတ်ပုံ – Zaw Zaw Naing၊ လူမှုကွန်ရက်