သံတွဲနှင့် မောင်တောရှိ စစ်ကောင်စီတပ်စခန်း (၂) ခုကို AA ထပ်မံသိမ်းပိုက်

Author လဂွန်းအိမ်
Categories
Published on Jul 12, 2024

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်ရှိ စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းနှင့် ရခိုင်ပြည်တောင်ပိုင်း သံတွဲမြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဇူလိုင်လ (၁၁) ရက်နေ့ မနေ့က ထုတ်ပြန်ထားပါတယ်။

 

အာရက္ခတပ်တော်က ဇူလိုင် ၁၁ ရက် မနေ့က မောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ဆုံး လက်ကျန်စခန်းဖြစ်တဲ့ နခခ (၅) မြို့သူကြီးစခန်း ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယင်း မြို့သူကြီးစခန်းနဲ့ အနီးနားမှာရှိတဲ့ စစ်ကောင်စီနယ်ခြားစောင့် စခန်း ကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့တာပါ။

 

မကျည်းချောင်း နယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်းတွေနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်သုံ့ပန်းအချို့ဖမ်းဆီးရရှိပြီး စစ်ကောင်စီတပ်သား (၃၀) ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို စစ်လှေဖြင့် ထွက်ပြေးသွားသည်ကိုတွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီအနေနဲ့ မောင်တောမြို့ကို လက်မလွှတ်ရရေး အတွက် မောင်တောမြို့နယ်အတွင်း ခံစစ်ပြင်ထားပြီး လေကြောင်းအပါအဝင် ရေတပ်ကပါ စစ်ကူပစ် ကာကွယ်နေသော်လည်း မောင်တောမြို့နှင့်ကပ်လျက်ရှိတဲ့ ရွှေဇား နှင့် အောင်ဗလကျေးရွာတွေအထိပါ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

 

သံတွဲမြို့နယ်မှာတော့ သံတွဲအခြေစိုက်တပ်ရင်းတွေထဲက လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ (၅၅) တပ်ရင်းကိုလည်း ဇူလိုင် ၉ ရက်နေ့ထဲက သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီက ဇွန်လ (၂၇) ရက်က လက်လွှတ်လိုက်ရတဲ့ ခမရ (၅၆၆) တပ်မှ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ သံတွဲမြို့အတွင်းမှာရော သံတွဲမြို့ အနီးပတ်ဝန်းကျင်မှာပါ ခုခံစစ် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၅၅) မှ စစ်အသုံးအဆောင်တွေနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

စစ်ကောင်စီက သံတွဲမြို့ လက်မလွှတ်ရရေးအတွက်  စစ်ကူတွေ လက်နက်ကြီးပစ်ကူတွေ လေကြာင်းပစ်ကူတွေ အသုံးပြုကာအပြင်းအထန် ခုခံကာကွယ်နေရပြီး အာရက္ခတပ်တော်မှ သံတွဲမြို့ သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

သံတွဲမြို့ပေါ်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကြောင့် မြို့ပေါ်ရပ်ကွက်က ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိလာပြီး တချို့မှာ တိမ်းရှောင်သွားကြပြီး တိမ်းရှောင်သူတွေထဲ ဆေးရုံဝန်ထမ်းတွေပါ ပါဝင်တာကြောင့် သံတွဲဆေးရုံမှ လူနာတွေ ဆေးကုသဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

 

အာရက္ခ တပ်တော် AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီး တပ်သားတွေ အကျအဆုံးများသလို ထွက်ပြေးသူ အလင်းဝင်ရောက်သူများ ရှိနေကာ စစ်ကောင်စီက တပ်စခန်းပေါင်းများစွာကို လက်လွှတ်ဆုံးရှုံးနေရတာပါ။

 

ဒါ့အပြင် ULA/AA ရဲ့ မူလစစ်ရေးရည်မှန်းချက်အတိုင်း အာရက္ခဒေသတစ်ခုလုံးမှာ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ တပ်ရင်း၊ ဗျူဟာ၊ စကခ (၅) ဌာနချုပ်၊ နခခ စခန်း‌တွေ၊ နပခဌာနချုပ်‌တွေအားလုံးကို AA က တစ်ခုပြီးတစ်ခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်‌နေတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – AA