ကလေးမှာ လက်နက်ကြီး ထိမှန်လို့ အရပ်သား နှစ်ဦးဒဏ်ရာရပြီး နေအိမ် တစ်လုံးပျက်စီး

Author ဆလိုင်း
Categories
Published on Jul 12, 2024

စစ်ကိုင်းတိုင်း ကလေးမြို့နယ် လက်ပံချောင်းကျေးရွာမှာ ဇူလိုင်လ ၁၁ ရက်နေ့ ည ၉ နာရီခွဲခန့်က လက်နက်ကြီးကျလို့ အရပ်သား နှစ်ဦး ထိခိုဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်ကောင်စီက တိုက်ပွဲမရှိပေမယ့် ကလေးမြို့ကနေ အရပ်သားတွေ နေထိုင်တဲ့ လက်ပံချောင်းကျေးရွာကို လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသား တစ်ဦးက CJ Platform သို့ ပြောပါတယ်။

“လက်နက်ကြီးက လူမရှိတဲ့ စစ်ဘေးရှောင်နေအိမ်ကို ကျပေါက်ကွဲလို့ နေအိမ်ပျက်စီးသွားတာပါ။ အဲ့ဒီ အိမ်ဘေးအနားက အရပ်သား တစ်ယောက်တော့ လက်နက်ကြီးကျည် ထိမှန်လို့ မစိုးရိမ်ရ ဒဏ်ရာရသွားပါတယ်။”လို့ သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ မတ်လမှာ ဖြစ်ပွားတဲ့ ကလေးမြို့နယ်မြောက်ပိုင်း တိုက်ပွဲတွင်း လက်ပံချောင်းကျေးရွာက အရပ်သား ထက်ဝက်နီးပါးဟာ ယနေ့ထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ပံချောင်းကျေးရွာဟာ ကလေးမြို့နဲ့ ၁၀ မိုင်ဝေးပြီး စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ကျေးရွာလို့ဆိုကာ လက်နက်ကြီးတွေ အမြဲလိုလို ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ဒီဘက်နယ်တစ်ဝိုက်မှာ စစ်တပ်တွေက မလာရဲကြဘဲ လက်နက်ကြီးတောက်လျောက်ပစ်ခတ်တယ်။ စစ်တပ်တွေ စစ်ကြောင်းထိုးလည်း တိုက်ပွဲကြီးကျယ်ဖြစ်တယ်။ အဲဒါကြောင့် ဒီဘက်မှာ စစ်တပ်က စစ်ကြောင်းတွေ မထိုးတော့ဘဲ လက်နက်ကြီးတွေနဲ့ဘဲ ပစ်ခတ်နေတယ်။ ရွာက အရပ်သားတွေလည်း စစ်တပ်ရဲ့လက်နက်ကြီးကျည်တွေ ကြောက်လို့ ထွက်ပြေးကြတယ်။ ပြန်မလာရဲကြဘူး။”လို့ သူက ဆိုပါတယ်။

 

ဇူလိုင်လ ၉ရက်နေ့ကလည်း စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လက်ပံချောင်းကျေးရွာက စာသင်နေတဲ့ ကလေးငယ် ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တချို့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

 

လက်ပံချောင်းကျေးရွာဟာ အိမ်ခြေ နှစ်ထောင်ကျော်ရှိပြီး ချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ- စစ်ကောင်စီပစ်ခတ်လို့ ပျက်စီးသွားတဲ့ လက်ပံချောင်းကျေးရွာက နေအိမ်ကို တွေ့ရစဥ်။