မြန်မာနိုင်ငံတွင်းကနေ ထိုင်း ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေ ထွက်ခွာမှု ပိုများလာ
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ အတိုက်အခံ တော်လှန်ရေးအင်အားစုတွေကြား ပဋိပက္ခတွေဟာ ရပ်တန့်သွားမယ့် အရိပ်အယောင်မရှိဘဲ နေရာဒေသ အတော်များများမှာလည်း ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ထိုင်းကုမ္ပဏီတချို့ မြန်မာနိုင်ငံထဲကနေ ရုတ်သိမ်းမှုပိုများလာပြီး အဲ့ဒီကုမ္ပဏီတွေရဲ့ ရင်းနှီးမြုပ်နှံမှုတန်ကြေးဟာ အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံအထိ ရှိတယ်လို့ ထိုင်းဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ထိုင်းရင်းနှီးမြုပ်နှံသူတွေဟာ အတည်ပြုထားပြီးဖြစ်တဲ့ စီမံကိန်း (၁၅၅) ခုရဲ့ ၁၂ ဒသမ ၃၇ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၆ ဘီလီယံရှိခဲ့ပြီး ရင်းနှီးမြုပ်နှံဖို့ လျှောက်ထားသူတွေထဲမှာ တတိယနေရာမှာလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ထိုင်းရင်းနှီးမြုပ်နှံသူတွေ ဆက်လက်လုပ်ကိုင်နေတာဟာ စီမံကိန်း (၁၀၅) ခုရဲ့ ၆ ဒသမ ၁၂ ရာခိုင်နှုန်းသာ ရှိတော့ပြီး တန်ကြေးအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ ဘီလီယံ အထိ လျော့ကျသွားခဲ့တာကြောင့် စီမံကိန်း ပေါင်း (၅၀) နဲ့ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံအထိ ဆုံးရှုံးသွားခဲ့သလို ရင်းနှီးမြုပ်နှံသူစာရင်းမှာလည်း ထိုင်းနိုင်ငံဟာ အဆင့် ငါးအထိ လျော့ကျသွားပါတယ်။
Prachachat Business ရဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ထိုင်းနဲ့ မြန်မာကြား ကုန်သွယ်မှု တန်ဖိုးစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရှိပြီး အရင်နှစ်က အလားတူကာလ အပိုင်းအခြားနဲ့ နှိုင်းယှဉ်လိုက်ရင် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ကြာမြင့်တဲ့ သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းတွေကြောင့် ထိုင်းနိုင်ငံက ကုန်စည်တင်ပို့မှုဟာ ၁၁ ဒဿမ ၈၁ ရာခိုင်နှုန်း၊ တန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံ လျော့ကျသွားခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ကုန်စည်တင်ပို့မှုဟာလည်း ၈ ဒဿမ ၅၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဒါဟာ တန်ကြေးအားဖြင့် ထိုင်းနိုင်ငံရဲ့ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄၉၉ ဒဿမ ၃ သန်း ရှိပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုလိုဖြစ်နေတာကို တုံ့ပြန်မှုလုပ်တဲ့ အနေနဲ့ နိုင်ငံခြားလိုငွေ ပြနေမှုကို လျှော့ချနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဇူလိုင်လ တစ်ရက်နေ့ကနေစတင်ပြီး ဆိပ်ကမ်းတွေနဲ့ လှေဆိပ်တွေမှာ သွင်းကုန်လိုင်စင်မရှိတဲ့ ကုန်ပစ္စည်းတွေကို တွေ့ရှိခဲ့မယ်ဆိုရင် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ဓာတ်မြေဩဇာ၊ သံမဏိ၊ နေရာင်ခြည်စွမ်းအင်သုံး(ဆိုလာ) ထုတ်ကုန်များ၊ ပလတ်စတစ် ပစ္စည်းများ ပုံသွင်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ Polypropylene အစေ့တွေ၊ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေ၊ လုပ်ငန်းသုံးယာဉ်တွေနဲ့ လုပ်ငန်းသုံး စက်ယန္တရားတွေ စတဲ့ ခေါင်းစဉ် ခုနစ်မျိုးအောက်မှာ အကျုံးဝင်တဲ့ ကုန်ပစ္စည်းအားလုံးဟာလည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ (FESC) ရဲ့ တင်သွင်းခွင့် လိုင်စင်လိုအပ်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းကုန်သွယ်မှုမြှင့်တင်ရေးရုံးရဲ့ ဇူလိုင် ၅ ရက်နေ့မှာ နောက်ဆုံးထားပြီး ပြန်လည်မွမ်းမံထားတဲ့ အစီရင်ခံစာအရကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ဧပြီလကနေ မေလအတွင်း နိုင်ငံတကာ ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်နဲ့ အလားတူ ကာလရဲ့ ကုန်သွယ်မှုပမာဏထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပို့ကုန်ဟာ ၁၀ ဒသမ ၉၄ ရာခိုင်နှုန်း တန်ကြေးအားဖြင့် အမေရိကန် ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံရှိခဲ့ပြီး သွင်းကုန်ကတော့ ၃၀ ဒဿမ ၈၂ ရာခိုင်နှုန်း တန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံအထိ ကျဆင်းခဲ့ပြီး နိုင်ငံရဲ့ကုန်သွယ်မှုပိုငွေ ၆၃ ဒဿမ ၅၃ သန်းရှိခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာအစိုးရဟာ ၂၀၂၄ ခုနှစ် မေလကနေစတင်ပြီး ငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ ကျပ်နဲ့ ထိန်းချုပ်ထားပြီး မှောင်ခိုဈေးကွက်မှာတော့ အမေရိကန်တစ်ဒေါ်လာကို ၄၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံရဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စုစုပေါင်းရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၉၅ ဒဿမ ၅ ဘီလီယံရှိပါတယ်။ လက်ရှိလည်ပတ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေရဲ့ တန်ကြေးဟာ အမေရိကန်ဒေါ်လာ ၇၄ ဒဿမ ၈၇ ဘီလီယံအထိရှိပါတယ်။ ရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံတွေကတော့ စင်္ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ကြပါတယ်။
ထိုင်းနိုင်ငံရဲ့ ကွန်ဒိုတိုက်ခန်းဈေးကွက်တွေမှာဆိုရင်လည်း မြန်မာဝယ်လက်တွေဟာ ၂၀၂၄ ခုနှစ်ရဲ့ ပထမသုံးလပတ်တွေမှာ ရုရှားနိုင်ငံကို ကျော်တက်ပြီး ဒုတိယနေရာအထိ တက်လှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ နိုင်ငံပြင်ပကို ရင်းနှီးငွေတွေထွက်သွားမှာကို တားဆီးဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီရဲ့ မူဝါဒတွေကြောင့် ငွေကြေး မငြိမ်မသက်ဖြစ်ခဲ့ပြီး အဆိုပါ ကွန်ဒိုဈေးကွက်မှာ ဒုတိယချိတ်နေမှု ရပ်တန့်ခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ထိုင်းနိုင်ငံရဲ့ တိုက်ခန်း အရောင်းမြှင့်တင်ပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ ဝယ်ယူသူတွေနဲ့ ရောင်းချသူတွေကို ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တာကြောင့် ထိုင်းကွန်ဒိုဈေးကွက် ရပ်တန့်သွားခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံရဲ့ စတော့အိတ်ချိန်း (Stock Exchange) မှာ စာရင်းသွင်းထားတဲ့ ထိုင်းကုမ္ပဏီတချို့ဟာ မြန်မာနိုင်ငံတွင်းက သူတို့တွေရဲ့ ကုမ္ပဏီတွေကို ပိတ်သိမ်းနေကြပြီလည်း ဖြစ်ပါတယ်။
TPBI အများပိုင်ကုမ္ပဏီလီမိတက်ဟာဆိုရင်လည်း မြန်မာနိုင်ငံအတွင်း စီးပွားရေး မသေချာအရေရာမှုနဲ့ လုပ်ငန်းစည်းမျဉ်းစည်းကမ်းတွေကြောင့် ၎င်းရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ TPBI & Myanmar Star ကုမ္ပဏီလီမိတက်ကို ဖျက်သိမ်းပြီလို့ ဇူလိုင်လ ၈ ရက်နေ့က ကြေညာခဲ့ပါတယ်။
ဇူလိုင်လအစောပိုင်းတုန်းကလည်း ထိုင်းနိုင်ငံက အများပိုင်ကုမ္ပဏီလီမိတက် တစ်ခုဖြစ်တဲ့ Christiani & Nielsen ဟာ သူတို့ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက Christiani & Nielsen (Myanmar) ကို ဖျက်သိမ်းပြီလို့ ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
နောက်ထပ်ထိုင်းနိုင်ငံက အများပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ General Engineering ကုမ္ပဏီလီမီတက်ဟာ ဆိုရင်လည်း ဆက်တိုက်အရှုံးပေါ်နေတာနဲ့ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံ အတွင်းမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေရဲ့ ၄၅ ရာခိုင်နှုန်းမှာ အကျိုးအမြတ်အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်တန့်ပြီလို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာလည်း နိုင်ငံတကာက အများပိုင်ကုမ္ပဏီလီမိတက်ဖြစ်တဲ့ Grand Prix ဟာလည်း စီးပွားဖြစ်မဟုတ်တဲ့ လုပ်ငန်းတွေကြောင့် သူ့ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ GPI Myanmar ကုမ္ပဏီကို ပိတ်သိမ်းခဲ့ပါသေးတယ်။
ပုံစာ – ရန်ကုန်မြို့တွင်း ဆန်တန်းစီဝယ်ယူနေရသည့် မြန်မာပြည်သူများကို မြင်ရပုံ
ကိုးကား – Khaosod Online