သံတွဲမှာ စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

Author သုတ
Categories
Published on Jul 12, 2024

အဓိကတပ်စခန်းအများအပြား လက်လွှတ်ထားရတဲ့ ရခိုင်ပြည်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်ပစ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ သုံးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိတယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

သံတွဲ-ဂွကားလမ်းပေါ်မှာရှိတဲ့ ပဒဲကောကျေးရွာမှာ ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ် ကွင်းဝိုင်းရေတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် ရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ အဲဒီက ဒေသခံက ပြောပါတယ်။

 

“ဒီဘက်မှာ ဘာတိုက်ပွဲမှမရှိဘူး။ ဒါကြောင့် ရွာသားတွေလည်း ပုံမှန်ပဲ သွားလာနေကြတာ။ ဒီအမျိုးသမီးက ကံဆိုးပြီး ကျည်စထိပြီး အဲဒီနေရာမှာပဲ သေသွားတာ။ အခု ကြောက်လန့်ပြီး ရွာသားတွေအကုန်ပြေးနေကြပြီ။ လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်နေတယ်” လို့ ပဒဲကောရွာခံတစ်ဦးက ပြောပါတယ်။

 

အဲဒီနောက် ဇူလိုင် ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်မှာ ကင်းမော်ကျေးရွာအုပ်စု၊ ကျောက်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားဒေသခံ အမျိုးသမီး တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေဟာ အဲဒီရွာအနောက်ပိုင်းမှာ နှစ်လုံး၊ ကျောက်ဆိပ်နဲ့ ကင်းမော်ကျေးရွာကြား ဝမ်းဒီးကူးတို့ဆိပ်အနီးမှာ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ကျောက်ဆိပ်ရွာခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 

“တစ်မိသားစုမှာတော့ အိမ်ကိုလာကျပြီး တစ်ယောက်ပွဲချင်းပြီးသေပြီး သုံးယောက် ဒဏ်ရာရတယ်။ နောက်လူတွေကတော့ သီးသန့် ထိကြတာပါ” လို့ ၎င်းက ပြောပါတယ်။

 

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျောက်ဆိပ်ကျေးရွာက ဒေါ်စန်းစန်းအေးနဲ့  ရေလုပ်သားတစ်ဦးတို့ သေဆုံးပြီး ဦးအောင်ကျော်စိန်၊ ကိုပြည့်ဖြိုးအောင်နဲ့ နောက်ထပ် ရွာသားသုံးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ်မှာ တိုက်ပွဲမဖြစ်တဲ့ သံတွဲမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းဗုံးကြဲမှုတွေလုပ်ဆောင်နေလို့ ထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

 

အာရက္ခတပ်တော်က သံတွဲအခြေစိုက် ခမရ-၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်၊ ဇီးဖြူကုန်းမှာ စစ်ကောင်စီတပ်သားအင်အား ၁၀ဝ လောက်နဲ့ ခုခံနေတဲ့ သုံးထပ်တိုက်နဲ့ အဲဒီပတ်ဝန်းကျင်အနီးအနားက နေရာတွေကို ဇူလိုင်လ ၆ ရက်၊ ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနဲ့ အနီးပတ်ဝန်းကျင်က အင်အား ၄၀ဝ လောက်နဲ့ ခုခံနေတဲ့ နေရာတွေအားလုံးကို ဇူလိုင်လ ၅ ရက်‌နေ့တွေမှာ အပြီးသတ် သိမ်းပိုက်ပြီး ငပလီ(မဇင်) လေဆိပ်ကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ ဇူလိုင်လ ၇ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်