ဖားကန့်မှာ သဘောဝဘေးကြောင့်ကျိုးသွားတဲ့ တံတားနှစ်စင်းနေရာ KIO က ကူးတို့ဖြင့် အခမဲ့ကမ်းကူးပေး

Author အညာသား
Categories
Published on Jul 12, 2024

ကချင်ပြည်၊ ဖားကန့်ဒေသမှာ မိုးများပြီး ဥရုချောင်း ရေစီးကြမ်းလို့ ကျိုးသွားတဲ့ တံတားနှစ်စင်းနေရာမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)အစီအစဉ်ဖြင့် အခမဲ့ကမ်းကူးပေးနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက မိုးများပြီး ဥရုချောင်းရေမြင့်တက်မှုကြောင့် ချောင်းရေစီးထဲ နန့်မားယံနဲ့ ဆန်ခါချောင်းကူးတံတားနှစ်စင်းလုံး မျောပါပျက်စီးခဲ့တာပါ။

ဒါကြောင့် ဒေသခံတွေရဲ့ ကူးသန်းသွားလာရေးအခက်အခဲများစွာဖြစ်ပေါ်ခဲ့ရလို့ သက်ဆိုင်ရာသို့ အခမဲ့ကမ်းကူးခွင့်ရဖို့ တောင်းဆိုမှုများရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနှစ်နေရာမှာ ဇူလိုင် လဆန်းပိုင်းကစတင်ပြီး KIO ရဲ့အစီအစဉ်ဖြင့် မနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း အခမဲ့ကမ်းကူးခဲ့တယ်လို့ သိရပါတယ်။

 

“လောလောဆယ်တော့ လူတွေကူးဖို့ပဲ သီးသန့် အခမဲ့ စီစဉ်ထားသေးတယ်။ ဆိုင်ကယ်တွေ၊ ကားတွေ ကူးပေးတာမျိုးတော့ မရှိသေးဘူး” လို့ လုံးခင်းဒေသခံ သတင်းရင်းမြစ်က CJ Platform ကို ပြောပါ တယ်။

အဆိုပါ တံတားနှစ်စင်းကို လာမယ့်ပွင့်လင်းရာသီမှာ ပြန်လည်ဆောက်လုပ်ပေးနိုင်ဖို့နဲ့ ယခု ကြားကာလမှာ ယာယီတံတားဆောက်လုပ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 

ပေ ၃၀ ရှည်လျားပြီး ကားနှစ်စီးသွားနိုင်တဲ့ နန့်မားယံချောင်းကူးတံတားဟာ လုံးခင်းကျေးရွာနဲ့ ဆက်ထားတဲ့ ကွန်ကရစ်တံတားဖြစ်ပါတယ်။ ဆန်ခါတံတားကတော့ ဆန်ခါကျေးရွာကနေ မှော်ဘုံနဲ့ ကန်စီးကျေးရွာတွေကို ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားဖြစ်ကာ ကားတစ်စီးစာသာ သွားလာလို့ရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ ပစ်စလက်ခတ် ကျောက်တူးဖော်မှုတွေ နှစ်ပေါင်းများစွာပြုလုပ်လာတာကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး နှစ်စဉ် မိုးရာသီတိုင်း စွန့်ပစ်မြေစာပုံပြိုကျခြင်းလို ဘေးအန္တရာယ်တွေအပြင် ရေကြီးရေလျှံမှုတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားစွာ ခံစားလာရတာဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်