K8 ၊ Yak 130 လေယာဉ်တွေကို ပစ်ချနိုင်တဲ့ လက်နက်ကြီးတွေ လေ့ကျင့်ပြင်ဆင်ပြီးပြီလို့ မန်း PDF ဆို

Author ကိုထားဝယ်၊ လဂွန်းအိမ်
Categories
Published on Jul 12, 2024

စစ်ကောင်စီရဲ့ အားအသာဆုံးဖြစ်တဲ့ လေတပ်ကို ဖြိုခွင်းနိုင်မယ့် လေယာဉ်ပစ်လက်နက်ကြီးတွေကို လေ့ကျင့်ပြင်ဆင်ပြီးပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

 

အဲဒီလက်နက်ကြီးတွေကို မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းသိမ်းတိုက်ပွဲအတွင်းမှ မန်း PDF က သိမ်းဆည်းရရှိခဲ့တာလို့ ဇူလိုင် ၁၁ ရက်နေ့ ထုတ်ပြန်ချက်ထဲ ထည့်ပြောပါတယ်။

 

အဲဒီလေယာဉ်ပစ်လက်နက်ကြီးတွေကို ဓာတ်ပုံနဲ့တကွ မန်း PDF ဘက်က ထုတ်ပြန်လာပေမဲ့ အဲဒီလက်နက်တွေရဲ့ နာမည်နဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ထည့်သွင်းထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။

 

ဒါကြောင့် CJ Platform က လက်နက်ရေးရာကျွမ်းကျင်ပညာရှင်တစ်ဦးကို ဓာတ်ပုံတွေပြပြီး ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

 

၎င်းက “ZPU 2 လေယာဉ်ပစ်စက်သေနတ်ကြီး ဖြစ်မယ်” လို့ တွက်ဆပါတယ်။

ဒါကြောင့် ZPU မှာ ဗားရှင်း ၃ မျိုးရှိပြီး စက်သေနတ် တစ်လက်ကိုသာ အထိုင်ဆင်ပါက ZPU 1 ၊ စက်သေနတ် ၂ လက်တွဲကို အထိုင်ဆင်ပါက ZPU 2 ၊ စက်သေနတ် ၄ လက်တွဲကို အထိုင်ဆင်ပါက ZPU 4 ဖြစ်တယ်လို့ ရှင်းပြပါတယ်။

 

ဆက်လက်ပြီး ZPU ဆိုတဲ့နာမည်ဟာ ရုရှားလို зенитная пулемётная установка,(Zenitnaya Pulemotnaya Ustanovka)ဖြစ်ပြီး အင်္ဂလိပ်လို “Anti-aircraft Machine Gun Mount” လေကြောင်းရန် စက်သေနတ်အထိုင်လို့ ခေါ်တဲ့အကြောင်း ၎င်းက ပြောပါတယ်။

 

အဲဒီလေယာဉ်ပစ်လက်နက်ကြီးမှာ 14.5 ×114 မမ ကျည် အသုံးပြုပြီး အထိရောက်ဆုံး အကွာအဝေးက ၁ မိုင်အောက်(ကီလိုမီတာ ၁ ဒသမ ၄)ဖြစ်တယ်လို့ CJ Platform ရဲ့ စစ်လက်နက်ရေးရာ ကျွမ်းကျင်သူက ပြောပြပါတယ်။

 

“စကစရဲ့ အနိမ့်ပျံတိုက်ခိုက်တဲ့ လေယာဉ်တွေ K 8 တို့ Yak 130 တို့ ပစ်ချနိုင်မယ်။ ရဟတ်ယာဉ်တွေဆိုရင်တော့ ရှယ်ပဲ” လို့ ၎င်းက အားပါးတရပြောပါတယ်။

 

အဲဒီလေယာဉ်ပစ်လက်နက်ကြီးနဲ့ပတ်သက်ပြီး ၎င်းက “ချင်းအဖွဲ့တွေကကျတော့ ကျည်ပဲ ရလိုက်တာ။ ပွိုင့် ၅ ပစ်တတ်ရင် ဆော်လို့ ရပြီ။ စနစ်မရှုပ်ဘူး တရစပ်ပစ်ရုံပဲ” လို့ ထပ်မံပြောကြားပါတယ်။

 

လက်ရှိစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ PDF ရဲဘော်တစ်ဦးကလည်း “အနိမ့်ပျံတွေ Y 12 ၊ MI 35 တွေ ပစ်လို့ရတယ် ” လို့ အဲဒီလက်နက်ကြီးနဲ့ပတ်သက်ပြီး CJ Platform ကို ပြောပါတယ်။

အဲဒီလို လေယာဉ်ပစ်လက်နက်ကြီးတွေနဲ့အတူ နောင်ချိုမြို့နယ်အတွင်းရှိ ခမရ ၁၁၄ ၊ ၁၁၅ နဲ့ ဒုံးတပ် ၆၀၆ တပ်စခန်းတို့က သိမ်းပိုက်ရရှိခဲ့တဲ့ အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို ထုတ်ဖော်ပြသထားပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိတယ်လို့ မန်း PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ ပထမဆုံးသိမ်းခံရတဲ့ နောင်ချိုမြို့ဟာ စစ်ကောင်စီလုံးဝကင်းစင်တဲ့မြို့နယ်ဖြစ်လာခဲ့ပြီလို့ မန်း PDF က ဆိုပါတယ်။

ဇွန်လ ၂၅ ရက်ကစလို့ မန်း PDF ဟာ ရှမ်းမြောက်နဲ့ မိုးကုတ်တို့မှာ တအာင်းတပ်နဲ့အတူ တိုက်ပွဲတွေ ဆင်နွှဲနေသလို မန္တလေးတိုင်းထဲက မတ္တရာနဲ့ စဉ့်ကူးမြို့တို့မှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာပါ။

 

ဇူလိုင်လ ၂ ရက်နေ့က မတ္တရာမြို့နယ်အတွင်း အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းအပါအဝင် စစ်ကောင်စီစခန်း ရှစ်ခုကို ကနဦးသိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်းပေါင်း ၂၅ ခုအထိ သိမ်းပိုက်ထားနိုင်ခဲ့တာပါ။

ဒါ့အပြင် စဉ့်ကူးမြို့နယ်ထဲမှာ တပ်စခန်း ၁၁ ခုအထိ သိမ်းပိုက်ရရှိထားပါတယ်။

 

စစ်ကောင်စီရဲ့ တပ်စခန်းတွေကို MDY PDF နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန် ဆက်လက်ချေမှုန်းသွားမှာမလို့ စစ်ကောင်စီတပ်စခန်းများမှ တပ်ဖွဲ့ဝင်များအနေနဲ့ အမြန်ဆုံး လက်နက်ချ အလင်းဝင်ရောက်ရန်တိုက်တွန်းလိုက်ပါတယ်။

 

နောက်ပြီး အဲဒီလို လက်နက်ချအလင်းဝင်လာသူတွေအနေနဲ့ ကောင်းမွန်စွာ ရှင်သန်နေထိုင်ခွင့်ပြုမယ်လို့ အာမခံချက်ပေးထားပါသေးတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MoD) လက်အောက်က PDF တပ်ဖွဲ့အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ကောင်စီ တပ်စခန်းအများဆုံး သိမ်းပိုက်ရရှိထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တယ်လို့ စာရင်းဇယားများအရ သိရပါတယ်။

 

ဓာတ်ပုံ – Mdy-PDF