NLD လက်ထက် တရုတ်ထံ တောင်းဆိုခဲ့တဲ့ ကင်းလှည့်ရေယာဉ် ၆ စီး အခုမှရောက်

Author ကိုထားဝယ်
Categories
Published on Jun 12, 2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဇွန်လထဲက တရုတ်အစိုးရထံ တရားဝင်တောင်းဆိုခဲ့တဲ့ ကင်းလှည့်ရေယာဉ် ခြောက်စီးဟာ မနေ့ ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာ စစ်ကောင်စီဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

NLD တောင်းဆိုမှုကို ၂ဝ၂၀ ပြည့်နှစ်ထဲ သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာလို့ တရုတ်သံရုံးက ဆိုပါတယ်။

 

တရုတ်နိုင်ငံဘက်က သင်္ဘောကုမ္ပဏီဟာ ကိုဗစ် ၁၉ ကပ်ရောဂါအပြင် အခြားအခက်အခဲတွေကို ကျော်လွှားပြီး ရေယာဉ်များကို အချိန်မီထုတ်လုပ်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ တရုတ်ဘက်က ပြောပါတယ်။

 

အဆိုပါကင်းလှည့်ရေယာဉ်တွေဟာ မြန်မာနိုင်ငံက ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနဲ့ ရေအရင်းအမြစ်ကာကွယ် အသုံးချမှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အထောက်အကူပြုစေမှာဖြစ်တယ်လို့ သိရပါတယ်။

 

ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှအစပြုပြီး နှစ်နိုင်ငံကြား တရားဥပဒေစိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး စတဲ့ နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ်တိုက်ဖျက်သွားမယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပြောဆိုပါတယ်။

 

အဲဒီကင်းလှည့်ရေယာဉ် ခြောက်စီး လွှဲပြောင်းပေးအပ်တဲ့အခမ်းအနားကို မနေ့ ဇွန်လ ၁၁ ရက် နံနက်ပိုင်းမှာ ရန်ကုန်မြို့၊ အမှတ် (၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးရုံး(ဝါးတန်း)မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

အလျား ၂၈ မီတာ ကင်းလှည့်ရေယာဉ် နှစ်စီးနဲ့ ၄၈ မီတာ ကင်းလှည့်ရေယာဉ် လေးစီးတို့ကို မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့ရဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေ အားကောင်းစေရေးအသုံးပြုသွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

 

ပုံစာ – တရုတ်ဘက်က ပေးအပ်ခဲ့တဲ့ ကင်းလှည့်ရေယာဉ်ခြောက်စီးထဲမှ တစ်စီးကိုတွေ့မြင်ရစဉ်