အလုံမှာ အသက် ၂၀ ကျော် အမျိုးသားတစ်ဦး တိုက်ပေါ်က ခုန်ချလို့ သေဆုံး

Author ကိုထက်
Categories
Published on Jun 12, 2024

ရန်ကုန်မြို့၊ အလုံမြို့နယ်မှာ မနေ့(ဇွန်လ ၁၁)ရက် မနက်ပိုင်းက အသက် ၂၃ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဟာ သူနေထိုင်တဲ့ တိုက်ခန်း ၆ လွှာပေါ်ကနေ ခုန်ချလို့ သေဆုံးသွားတယ်လို့ သံဝေဂလူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။

 

ဒီဖြစ်စဉ်ဟာ အလုံမြို့နယ်၊ စောရန်ပိုင်(တောင်)ရပ်ကွက်၊ ငုဝါလမ်းမှာ မနက် ၉ နာရီခွဲခန့်မှာဖြစ်ပွားခဲ့ပြီး ခုန်ချတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ သံဝေဂလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူအနေနဲ့လည်း မသိရှိသေးဘူးလို့ ပြောပါတယ်။

 

“ဘာလို့လဲတော့မသိဘူး။ ကျွန်တော်တို့လည်း ရောက်တော့မှ ရပ်ကွက်က ခုန်ချတယ်ပြောလို့ သိရတာ” လို့ အဲဒီအသင်း တာဝန်ရှိသူက ပြောပါတယ်။

 

သံဝေဂလူမှုကူညီရေးအသင်းတာဝန်ရှိသူတွေ အခင်းဖြစ်ရာကို ရောက်ရှိချိန်မှာ လူငယ်လေးမှာ အသက်မရှိတော့ဘဲ ရုပ်အလောင်းကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်မှာ အခုလို ဖြစ်စဉ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း အဖြစ်များလာတဲ့အပြင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်ပြီးနောက် ပိုမိုများပြားလို့ လာနေပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြောက်ဒဂုံမြို့နယ် ဗိုလ်မင်းရောင်အိမ်ရာ ရှစ်လွှာပေါ်ကနေ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ခုန်ချမှုဖြစ်ပေါ်ခဲ့ပါတယ်။

 

ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးလူကူးခုံးကျော်တံတားပေါ်ကလည်း လူငယ်တစ်ဦးခုန်ချမှုဖြစ်ခဲ့သလို လှည်းတန်းတံတားပေါ်က အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး ခုန်ချမှုတွေ ပြီးခဲ့တဲ့ လပိုင်းတွေက ဖြစ်ပေါ်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – သံဝေဂလူမှုကူညီရေးအသင်း