ရခိုင်က အရပ်ဘက်ပစ်မှတ်တွေကို စစ်ကောင်စီ မိုက်မိုက်မဲမဲ ပိုမိုတိုက်ခိုက်လာလို့ AA ဆို

Author လဂွန်းအိမ်
Categories
Published on Jun 12, 2024

ရခိုင်ပြည်အတွင်း အရှက်တကွဲအကျိုးနည်းစွာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်တွေဟာ အရပ်ဘက်ပစ်မှတ်တွေကို ပိုမိုတိုက်ခိုက်လာနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့ ဇွန် ၁၁ ရက်မှာ ထုတ်ပြောလာပါတယ်။

 

လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ မောင်တော၊ အမ်း၊ သံတွဲ စတဲ့မြို့တွေအပြင် အာရက္ခတပ်တော် AA က သိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နဲ့ ကျေးရွာတွေထဲက အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီက သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ တိုက်လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အပြင် စစ်ကောင်စီ နေဗီတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်း ဒါဇင်နဲ့ချီ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

 

တိုက်ပွဲမရှိတဲ့ ဆင်ခေါင်းကျေးရွာနေ အရပ်သားပြည်သူတွေဟာ ပုံမှန်အတိုင်း နေနေချိန်မှာ ဗုံးတွေ၊ လက်နက်ကြီးတွေ မိုးရွာချသလို အဆက်မပျက်ကျခဲ့တယ်လို့ နီးစပ်ရာဒေသခံတချို့ဆီကနေ သိရပါတယ်။

 

ဗုံးကြဲ တိုက်ခိုက်ချိန်ကျမှ ရုတ်တရက်ထပြေးကြရသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုတွေအပါအဝင် အမျိုးသမီးတွေပါ သေဆုံးဒဏ်ရာခဲ့ရပါတယ်။

 

ထိုပစ်ခတ်မှုတွေကြောင့် တစ်နှစ်အရွယ်ကလေးငယ်အပါအဝင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရသူ ၂၄ ဦးတို့ကို AA က နာမည်စာရင်းတွေနဲ့တကွ ထုတ်ပြန်ထားသလို ပျက်စီးနေအိမ် ၆၀ ရှိတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

 

ဒါ့အပြင် အတည်မပြုနိုင်သေးတဲ့ သေဆုံးဒဏ်ရာရရှိမှုနဲ့ နေအိမ်ပျက်စီဆုံးရှုံးမှုအများအပြားလည်း ရှိနေသေးတယ်လို့ AA က ဆိုပါတယ်။

 

ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်းက အာရက္ခတပ်တော် AA က သိမ်းပိုက်ထားတဲ့ ပေါက်တောမြို့ကို မနေ့ ဇွန်လ ၁၁ ရက်နေ့က Y 12 လေယာဉ်အပြင် ဒရုန်းတွေနဲ့ပါ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုတိုက်ခိုက်မှုတွေကြောင့် ပေါက်တောမြို့ပေါ်က အရပ်သား နှစ်ဦးအပါအဝင် သဝင်ချောင်းနဲ့ လက်ပံပြားကျေးရွာတို့မှ ရှစ်ဦး စု‌စုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ရခိုင်ပြည်ထဲ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ မြို့၊ ရွာ၊ သာသနိက အဆောက်အအုံများ၊ ဘုရားစေတီပုထိုးများကို ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်(UNESCO)ဝင် မြောက်ဦးမြို့က ရှေးဟောင်းသုတေသနအဆောက်အအုံကိုပင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

 

ဓာတ်ပုံ – AA Info Desk

 

ဓာတ်ပုံ – မနေ့ ဇွန်လ ၁၁ ရက်၊ မနက်ပိုင်းက Y12 လေယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ