ကိုယ်တိုင်ဆန္ဒပြုပြီး စစ်ကောင်စီထံ စစ်မှုထမ်းနေကြလို့ ဝမ်းမြောက်ကြိုဆိုတယ်လို့ ဒုဝန်ကြီးချုပ်ဆိုသူပြော

Author ကိုထားဝယ်
Categories
Published on Jun 12, 2024

မြေပြင်အရှိတရားများနဲ့ ကင်းလွတ်နေတဲ့ စစ်ကောင်စီထိပ်ပိုင်းအရာတွေဟာ ယခုအခါမှာလည်း လက်ရှိစစ်ကောင်စီထံ စစ်မှုထမ်းနေသူတွေဟာ ကိုယ်တိုင်ဆန္ဒပြုပြီး သင်တန်းတက်ရောက်လာကြသူတွေလို့ သိရှိရပြီး ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့ စစ်ကောင်စီ ဒုဝန်ကြီးချုပ်ဆိုသူက ပြောလိုက်ပြန်ပါတယ်။

 

စစ်ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ စတဲ့တာဝန်တွေယူထားသူ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မနေ့ ဇွန် ၁၁ ရက်က ရန်ကုန်တိုင်း၊ အင်းတိုင်နဲ့ တိုက်ကြီးတပ်နယ်တို့ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းတွေမှာ သင်တန်းတက်နေကြတဲ့ စစ်မှုထမ်းသစ်တွေကို တွေ့ဆုံစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

“အခု သင်တန်းတွေမှာ တက်ရောက်နေသူတွေဟာ ကိုယ်တိုင်ဆန္ဒပြုသူတွေဖြစ်တယ်ဆိုတာ သိရှိရပါတယ်။ ကိုယ်တိုင်ဆန္ဒပြုပြီး ဝင်ရောက်လာတာဖြစ်လို့ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ယူပါတယ်” လို့ ဗိုလ်ချုပ်ကြီးက ပြောသွားတာပါ။

 

သူဟာ လက်ရှိစစ်ကောင်စီမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ပြီးရင် အဓိကရာထူးတွေကို အများဆုံးရယူထားသူတစ်ဦးဖြစ်တဲ့အတွက် ရာထူးစဉ်အရ စစ်ကောင်စီရဲ့ အဆင့်ငါးဆင့်အတွင်း ရာထူးအကြီးဆုံးသူလို့ ယူဆရပါတယ်။

 

ဒါပေမဲ့ သူဟာလည်း စစ်ခေါင်းဆောင်တွေနည်းတူ လက်ရှိပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ပကတိအခြေအနေများနဲ့ ကင်းကွာတဲ့ စကားရပ်တွေကိုသာ ပြောကြားသွားတာကို တွေ့မြင်ရပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ပြည်တွင်းက လူငယ်လူရွယ်တွေ နည်းအမျိုးမျိုးသုံးပြီး ရှောင်ရှားဖို့ ကြိုးစားခဲ့ကြသလို ကြိုးစားနေဆဲလည်းဖြစ်ပါတယ်။

 

ကိုယ်တိုင်ဆန္ဒပြုတယ်ဆိုသည်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံတွေရဲ့ အတင်းအကျပ်လက်မှတ်ထိုးခိုင်းလို့ စာရွက်ပေါ်က အရှိတရားတစ်ခုသာဖြစ်တယ်ဆိုတာ လက်ရှိဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေများအရ သိရပါတယ်။

 

ဆက်လက်ပြီး စစ်ကောင်စီ ဗိုလ်ချုပ်ကြီးက “တပ်မတော်သားတစ်ယောက်ဖြစ်လာရင် ပေးအပ်တဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ရမယ်” လို့ ပြောသွားပါသေးတယ်။

 

ဒါဟာ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက စတင်အတည်ပြုလိုက်ပြီးနောက် ပထဆုံးအပတ်စဉ် မခေါ်ယူမီ ပြီးခဲ့တဲ့ မတ်လထဲမှာ စစ်ကောင်စီ ပြောခွင့်ပေးထားသူ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ‘ချက်ချင်း ရှေ့တန်းစစ်မြေပြင်ကို လွှတ်မှာမဟုတ်ဘူး’ ဆိုတဲ့ စကားနဲ့ သွေဖည်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက စစ်ကောင်စီတပ်ရဲ့ နေ့စဉ်ရွတ်ဆိုတဲ့ သစ္စာအဓိဋ္ဌာန်လေးချက်ဆိုတဲ့ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန်ဟုပင် အဓိဋ္ဌာန်ပြုထား” လို့ ထပ်မံပြောဆိုသွားပါသေးတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက် အမြဲတမ်း ရှေ့ကမားမားမတ်မတ်ရပ်တည်ခဲ့တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်။

 

ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ကုန်းမြင့်သာမှာကျင်းပတဲ့ ရန်ကုန်တိုင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ “ရန်ကုန်မှာ ဘယ်နေရာမဆိုလွတ်လွတ်လပ်လပ်သွားလာနိုင်တာကို တွေ့မြင်ရတယ်” လို့ ထည့်သွင်းပြောကြားသွားခဲ့ပါသေးတယ်။

 

ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ အမြဲမပြတ်စောင့်ကြည့်နေဖို့နဲ့ ရန်ကုန်တိုင်းထဲ တော်လှန်ရေးသမားတွေကင်းစင်အောင်လုပ်ဆောင်ဖို့ လိုတယ်လို့လည်း သတိပေးပြောကြားသွားပါတယ်။

 

စစ်တပ်ရဲ့ အာဏာသိမ်းမှုဒဏ်ကြောင့် မြန်မာပြည်သူ/သားတွေဟာ အခက်အခဲအကြပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး သုံးနှစ်ကျော်ကာလထဲ ရောက်ရှိလာချိန်မှာတော့ အခက်ခဲဆုံးအခြေအနေနဲ့လည်း ကြုံတွေ့နေရပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – MOI