ရန်ကုန်၊ ရွှေပြည်သာ ဇုန် ၄ ထဲက Flare Star အထည်ချုပ်စက်ရုံမှာ နေ့စဉ် အချိန်ပိုဆင်းခိုင်းပေမဲ့ လုပ်အားခအပြည့်အဝမရလို့ဆို

Author မင်းထက်
Categories
Published on Jun 12, 2024

ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ်၊ ရွေပြည်သာ စက်မှုဇုန်(၄)၊ ဦးမြူးလမ်းရှိ Flare Star အထည်ချုပ်စက်ရုံကတာဝန်ရှိသူတွေဟာ အလုပ်သမားတွေကို နေ့စဉ် ည ၁၂ နာရီအထိ အချိန်ပိုဆင်းခိုင်းပေမဲ့ လုပ်အားခ အပြည့်အဝမပေးဘူးလို့ အဲဒီစက်ရုံလုပ်သားတွေက CJ Platform ကိုပြောပါတယ်။

 

ဝန်ထမ်းအင်အား ၆၀ဝ ခန့်နဲ့ လည်ပတ်နေတဲ့ အဆိုပါအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အခြေခံလစာ တစ်ရက် ၄၈၀ဝ ကျပ်နဲ့ အချိန်ပို ၅ နာရီအတွက် လုပ်အားခ ၁၄၀ဝ ကျပ်နှုန်းသာရကြတယ်လို့ အမည်မဖော်လိုတဲ့ အဲဒီစက်ရုံမှ အလုပ်သမားတစ်ဦးက ပြောပါတယ်။

 

“နေ့တိုင်းအချိန်ပိုဆင်းရတယ်။ မဆင်းဘူးဆိုရင် စူပါတွေက ပြောဆိုတာတွေလုပ်တယ်။ ညတိုင်း ၁၂ နာရီအထိ ဆင်းရတာ။ ဖယ်ရီလည်း မပေးဘူး။ စက်ရုံမှာပဲ အိပ်ရတာ။ ထမင်းဖိုးလည်း မပေးဘူး။ လူတွေက ကြာလာတော့ နေမကောင်းတဲ့သူက မကောင်း၊ မူးလဲတဲ့သူကလဲတယ်။ အလုပ်ကအပြန် ကားတိုက်ခံရတဲ့သူလည်းရှိတယ်။ အိုတီတွေဆင်းရတာကြာလာတော့ အားပြတ်လာပြီ” လို့ သူက ပြောပါတယ်။

 

အဲဒီအထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့တွေရှိပေမဲ့ အလုပ်ရှင်အလိုကျဖွဲ့စည်းထားသူတွေဖြစ်တာကြောင့် အလုပ်သမားတွေရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

 

Flare Star စက်ရုံမှာ နံနက် ၇ နာရီခွဲမှ ည ၇ နာရီအထိ ဆင်းရပြီး အချိန်ပိုအနေနဲ့ ည ၁၂ နာရီအထိ ဆင်းနေရပေမဲ့ စစ်ဆေးရေးအဖွဲ့တွေ လာရောက်စစ်ဆေးတဲ့အခါ အလုပ်ချိန် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲ၊ ညနေ ၅ နာရီမှ ည ၇ နာရီအထိသာ အချိန်ပိုဆင်းရကြောင်း လိမ်လည်ပြောဆိုစေခဲ့တယ်လို့ အလုပ်သမားတွေရဲ့​ပြောဆိုချက်အရ သိရပါတယ်။

 

“မနက်ဖန်လို စစ်ဆေးရေးလာမယ်ဆို ဒီလိုနေ့ထဲက သူတို့ပြောခိုင်းတဲ့အတိုင်း အလုပ်ချိန် ၈ နာရီပါ။ မုန့်စားချိန် နာရီဝက်ပေးပါတယ်လို့ လိမ်ပြောပေးရတယ်။ စက်လိုင်းထဲမှာလည်း အသက်မပြည့်သေးတဲ့ကလေးတွေဆို စစ်ဆေးရေးတွေလာရင် အိမ်သာထဲသွားပုန်းခိုင်းထားတာ” လို့ နောက်ထပ် စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

 

တာဝန်ရှိသူတွေကို တစ်စုံတစ်ရာနားမလည်လို့ပြန်မေးခြင်းနဲ့ အိုတီမဆင်းနိုင်တဲ့ချိန်မှာ “အိုတီဆင်းလို့သေတဲ့မသာ ရှိမနေဘူး” ဆိုပြီး ရိုင်းစိုင်းစွာပြောဆိုဆက်ဆံခံရတာမျိုးလည်းရှိနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

အလုပ်သမားတွေဟာ အချိန်ပိုဆင်းရမှုအပေါ် ထိုက်တန်တဲ့အလုပ်သမားအခွင့်အရေးရရှိစေလိုကြောင်းနဲ့ ဖူလုံရေးကတ်တွေရှိသော်လည်း ဘာခံစားခွင့်မျှမရကြဘူးလို့ ဆိုပါတယ်။ နေ့စဉ်ရက်ဆက် အချိန်ပိုဆင်းနေရတာကြောင့် အလုပ်သမားတွေအနေနဲ့ ကျန်းမာရေးထိခိုက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

 

ထို့ပြင် ကုန်ဈေးနှုန်းကြီးမြင့်နေချိန် အလုပ်သမားတွေဟာ အလုပ်လုပ်နေသော်လည်း စားဝတ်နေရေး မပြေလည်တဲ့အပြင် အကြွေးပါတင်ပြီး ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။

 

“သိတဲ့အတိုင်း ဆန်ဆီဈေးတွေက တက်နေတာ။ သူတို့က တစ်ရက် ၄၈၀ဝ နဲ့ဆို ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အိုတီလည်း ခေါ်ပေါ့။ ကျွန်မတို့ဘက်လည်း ကြည့်ပေးလေ။ ထမင်းစားရိတ်ပေး၊ လစာနည်းနည်းပါးပါးတိုးပေးစေချင်တယ်” လို့ အမည်မဖော်လိုတဲ့ နောက်ထပ် စက်ရုံဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

FLARE STAR အထည်ချုပ်စက်ရုံမှ Sinsay ၊ Sense Collection ၊ Etam ၊ X-LARGE စတဲ့ ကုန်အမှတ်တံဆိပ်အထည်တွေကို ထုတ်လုပ်နေပြီး အလုပ်သမားတွေရဲ့အခက်အခဲတွေကို သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်တာဝန်ရှိသူတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ စက်ရုံတာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးရန် စက်ရုံအလုပ်သမားတွေက လိုလားနေကြပါတယ်။

 

ဓာတ်ပုံ – ပေးပို့