ကန်ပက်လက်မြို့နယ်ထဲက Non-CDM ဝန်ထမ်းတွေ ရက်ပေါင်း ၆၀ အတွင်း အလင်းဝင်ကြဖို့ အသိပေး

Author ဆလိုင်း
Categories
Published on May 12, 2024

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ လက်အောက်မှာ  တာဝန်ထမ်းဆောင်နေကြတဲ့ Non-CDM ဝန်ထမ်းတွေအနေနဲ့ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ကြဖို့ အသိပေးထားပါတယ်။

 

မြို့နယ် CDM နဲ့ Non CDM စိစစ်ရေးကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၉ ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီ ထုတ်ပြန်ချက်ဟာ Non-CDM ဝန်ထမ်းတွေကို CDM ပြုလုပ်ခိုင်းတာမဟုတ်ဘဲ အလင်းဝင်ခိုင်းတာဖြစ်တယ်လို့ ကန်ပက်လက်မြို့နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်တို့ အရင်က Non CDM တွေကို CDM ဝင်ဖို့ အကြိမ်ကြိမ်နှိုးဆော်ပါတယ်။ CDM ဝင်ရောက်လာကြတဲ့ သူတွေလည်းရှိတယ်။ အခုကတော့ CDM ဝင်ဖို့ ကဏ္ဍနဲ့ မဟုတ်တော့ဘဲ အလင်းဝင်ဖို့အနေနဲ့သာ ကဏ္ဍပြောင်း ထုတ်ပြန်‌တာဖြစ်ပါတယ်။”လို့ သူက ဆိုပါတယ်။

 

Non-CDM ဝန်ထမ်းတွေ အနေနဲ့လည်း သတ်မှတ်ထားတဲ့ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်လာခြင်းမရှိတဲ့ Non-CDM ဝန်ထမ်းတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့က ချင်းညီနောင်အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက် ရရှိထားပါပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားတွေ အားလုံး ရပ်တန့်သွားပါတယ်။

 

အဲ့ဒီ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲတွင်း အသုံးပြုတဲ့ စစ်အသုံးစရိတ်တွေ အကြွေးဆပ်ဖို့ ကျပ်သိန်း တစ်ထောင် အရေးပေါ် အကူညီလိုအပ်နေတယ်လို့ ကန်ပက်လက်မြို့နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက CJ Flatform သို့ ပြောပါတယ်။

 

“ကျင်ဒွေး မြို့သိမ်း တိုက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ စစ်အသုံးစရိတ်တွေ အကြွေးတင်ခဲ့တယ်။ တိုက်ပွဲက လေးလကျော်ကြာသွားလို့ အသုံးစရိတ်က ပိုများသွားတယ်။ အခု မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲဖို့အတွက် အကူအညီ အရမ်းလိုအပ်နေတယ်။”လို့ သူက ပြောပါတယ်။

 

ကျင်ဒွေးမြို့သိမ်း တိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကနေ စတင်ဆင်နွှဲခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ အာရက္ခတပ်တော်(AA)ရဲ့ စစ်ရေးအကူညီနဲ့ ချင်းညီနောင်အဖွဲ့ရဲ့ ချင်းညီနောင်စစ်ဆင်ရေးနဲ့ ဧပြီလ ၂၉ ရက်နေ့က သိမ်းပိုက်ထားပါတယ်။

 

ကျင်ဒွေးမြို့သိမ်း တိုက်ပွဲတွင်း စခန်းစွန့်ခွာ ထွက်ပြေးတဲ့ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့တို့ ဒီနေ့ထိ တိုက်ပွဲထိတွေ့မှုတွေ ရှိနေဆဲလို့ သိရပါတယ်။