စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး ခိုလှုံလာတဲ့ ပြည်သူတွေကို ကျောင်းသားလက်ရုံးတပ်က နေရာချပေး

Author မင်းထက်
Categories
Published on May 12, 2024

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်   ခိုလှုံအဖြစ် ဆက်သွယ်ရောက်ရှိလာတဲ့ အိမ်ထောင်စု ၃၀ ကိုနေရာချထားပေးနေပြီး စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် စိုးရိမ်မကင်းဖြစ်နေတဲ့ လူထုတရပ်လုံးအနေနဲ့  ဆက်သွယ်ခိုလှုံနိုင်ဖို့ ဖိတ်ခေါ်တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ထံ က သိရပါတယ်။

 

ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့ ပြည်သူလူထုကို ခိုလှုံနိုင်ဖို့ နဲ့ ကာကွယ်စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းစဥ်တွေအပြင် အခြေခံစားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ အဆောက်အအုံတွေ ထောက်ပံ့ပေးတာ၊ကျန်းမာရေးစောင့်ရှောက်မှုပေးတာ စသည့်လုပ်ငန်းစဥ်တွေကို  ဆောင်ရွက်လျက်ရှိနေပေမယ့် လိုအပ်ချက်များစွာလည်း ရှိနေဆဲဖြစ်တယ်လို့  ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ တာ၀န်ရှိသူက ပြောပါတယ်။

 

“လာရောက်ခိုလှုံသူတွေရဲ့ နေ့စဥ်စားရေးသောက်ရေး နေထိုင်ရေးတို့ကို ကူညီပေးနေပါတယ်။ ကျွန်တော်တို့လည်း လူထုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တတ်စွမ်းဆောင်ရွက်နေတာပဲဖြစ်လို့ အများကြီး တော့ ပြည့်စုံမှုမရှိပါဘူး။ ရိက္ခာနဲ့ အခြေခံ သုံးကုန်ပစ္စည်းတွေကတော့ အများအပြား လိုအပ်နေဆဲ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

 

ခိုလှုံလာတဲ့ ပြည်သူတွေနဲ့ ကျောင်းသားလက်ရုံးတပ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ကျောင်းသားလက်ရုံးတပ်‌တော်ရဲ့  လှုပ်ရှားစစ်‌ဒေသတွေနဲ့ လက်တွဲတိုက်ပွဲ၀င်လျက်ရှိ‌တဲ့ မဟာမိတ်‌တွေ ထိန်းချုပ်နယ်မြေတွေမှာ  နေရာချထားပေးလျက်ရှိကြောင်း သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့  အကြမ်းဖက် ဖိနှိပ်မှုကြောင့်  အသက်ရှင်ရပ်တည်ရေး နှင့် လုံခြုံဘေးကင်းရေးတို့အတွက် စိုးရိမ်မကင်းဖြစ်နေရသော ဖိနှိပ်ခံ လူထုတရပ်လုံးအနေနဲ့ မိသားစုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ   ကျောင်းသားလက်ရုံးတပ်တော် အခြေစိုက်ရာ လှုပ်ရှား‌စစ်ဒေသတွေနဲ့ လက်တွဲတိုက်ပွဲ၀င်လျက်ရှိသည့် မဟာမိတ်နယ်မြေတွေမှာ ခိုလှုံနိုင်ဖို့  ကျောင်းသားလက်ရုံးတပ်တော်ဆီ ဆက်သွယ်နိုင်ပြီး  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကာကွယ်စောင့်ရှောက်သွားမယ်လို့ တရား၀င် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

 

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ကျောင်းသားလက်ရုံးတပ်ကို လာရောက်စုံစမ်းကြသူ ၃၀၀၀ ခန့်ရှိနေပြီး တပ်သားသစ်အဖြစ် ရောက်ရှိလာသူ ၃၀၀ ကျော်ကိုတော့ ဧပြီလလယ် ကတည်းက အခြေခံစစ်သင်တန်းကို ပေးနေပြီဖြစ်တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

“လူကများတဲ့ အခါကျတော့ dataကို သေချာလုပ်ဖို့က အချိန်ပေးရပါတယ်။ SAF ရဲ့စစ်ဒေသအသီးသီးမှာ လတ်တလော သင်တန်းအပတ်စဥ် ၂ ခုအထိ ဖွင့်လှစ်ဖို့လဲ အသင့်ရှိနေပါတယ်။” လို့ သူက ပြောပါတယ်။

 

ရဲဘော်သစ်တွေ ဝင်ရောက်လာတာ များပြားပေမဲ့  မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေနဲ့ ကြိုတင်ပြင်ဆင်မှု ရှိတာကြောင့် အခြေခံရိက္ခာအတွက် အခက်ခဲများများစားစားမရှိပေမယ့် တစ်ကိုယ်ရည်စစ်သုံးပစ္စည်းတွေဖြစ်တဲ့ ပွိုင့်ဖိနပ်၊ ယူနီဖောင်းတွေကို စီစဉ်ပေးရာမှာတော့ အခက်ခဲရှိတယ်လို့ သိရပါတယ်။

 

ကျောင်းသားလက်ရုံးတပ်တော်(SAF) ဟာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့  တည်ထောင်ခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့်သုံးနှစ်ရှိခဲ့ပါပြီ။ တပ်တော်  အခြေစိုက်ထားရာ စစ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေသလို လက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ရေးအတွေ့အကြုံတွေကို သင်ယူတာတွေကို လုပ်ဆောင်နေပါတယ်။

 

ဓာတ်ပုံ – ကျောင်းသားလက်ရုံးတပ်တော်(SAF)