“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ”(မေ ၅ မှ ၁၁ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on May 11, 2024

ဒီတစ်ပတ်(မေ ၅ မှ ၁၁ ရက်အထိ)အတွင်း ကမ္ဘာကြီးထဲ အစ္စရေး-ဟားမက်စ်စစ်ပွဲမှာ အစ္စရေးရဲ့ ရှေ့တိုးလာနေမှုသတင်း၊ ယူကရိန်းကို အမေရိကန်က တတိယအကြိမ်ထပ်ကူညီမယ့်အပြင် အီးယူကပါ ရုရှားထိန်းချုပ်ငွေထဲက ထုတ်ကူညီမယ့်သတင်း၊ ဘရာဇီးလ်မှာ ရေကြီးလို့ လူ ၁၀၀ ကျော်သေဆုံးတဲ့သတင်းတွေအပြင် ထူးခြားသတင်းတွေကို စုစည်းတင်ပြလိုက်ပါတယ်။

****************************************

 

“အမေရိကန်ရဲ့ အခေါက်ခံရတော့မလား အစ္စရေး”

 

အမေရိကန်ပြည်ထောင်စု၊ အီဂျစ်နဲ့ ကာတာတို့ဟာ အရင်လတွေထဲက အစ္စရေး-ဟားမက်စ် စစ်ပွဲရပ်တန့်ရေး ကြိုးစားညှိနှိုင်းပေးနေကြတာပါ။ အဲဒီမှာ ပြီးခဲ့တဲ့အပတ်ထဲ အပစ်ရပ်ရေးညှိနှိုင်းမှုတွေထဲ အစ္စရေးဘက်က ဟားမက်စ်သဘောတူညီမှုကို ဖောက်ဖျက်ပြီး ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို ဆက်လက်ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာတာကြောင့် အခုတော့ အစ္စရေးရဲ့ မဟာမိတ်ကြီး အမေရိကန်တို့ ဒေါသပေါက်ကွဲခဲ့ပါတယ်။

 

အဲဒါကြောင့် အမေရိကန်ထုတ် စစ်လက်နက်တွေ တင်ပို့မှုကို ဆိုင်းငံ့လိုက်တယ်လို့ အခုရက်ပိုင်းထဲ ထုတ်ပြန်ခဲ့ပါတယ်။

 

Boeing ကုမ္ပဏီကထုတ်တဲ့ စစ်လက်နက်တွေ အစ္စရေးဆီ တင်ပို့နေမှုတာကို အမေရိကန်က ဆိုင်းငံ့ထားလိုက်တာဖြစ်ပါတယ်။

 

မေလ ၆ ရက် တနင်္လာနေ့မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရာဖာမြို့ကို ထိုးစစ်မဆင်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို သတိပေးလိုက်ပါတယ်။ ထိပ်တန်းခေါင်းဆောင်နှစ်ယောက် နာရီဝက်ကြာ ဖုန်းပြောခဲ့ကြပြီး အပြုသဘောဆောင်တယ်လို့ အိမ်ဖြူတော်ဘက်က ပြောပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ အစ္စရေးဓားစာခံတွေနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို လဲလှယ်ပြီး အပစ်ရပ်ဖို့ အမေရိကန်-အီဂျစ်-ကာတာတို့က ကြားဝင်ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမဲ့ ဟားမက်စ်တို့ တောင်းဆိုတဲ့ လဲလှယ်ရေးကို အစ္စရေးဘက်က လက်မခံခဲ့လို့ စစ်ပွဲရှေ့ဆက်နေတာဖြစ်ပါတယ်။

အခုတော့ ရာဖာကို အစ္စရေးတို့ ရှေ့ဆက်တိုးနေတာကို အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံကြီးတွေက စိုးရိမ်နေကြပါတယ်။

****************************************

 

“ထိုးစစ်မရပ်တဲ့အစ္စရေးကြောင့် ရာဖာမြို့ကိုစွန့်ခွာသူ တစ်သိန်းကျော်ရှိလာ”

 

ညှိနှိုင်းမှုတွေရှိခဲ့ပေမဲ့ ထိုးစစ်မရပ်တဲ့အစ္စရေးကြောင့် ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို စွန့်ခွာသူ တစ်သိန်းကျော်အထိရှိလာပြီဖြစ်ပါတယ်။

 

အစ္စရေးရဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းက ရာဖာမြို့ကိုတိမ်းရှောင်လာကြသူတွေဟာလည်း ထပ်မံပြီး ဒုတိယနေရာကနေ တိမ်းရှောင်ကြရတာပါ။

 

အစ္စရေးစစ်တပ်က အပြည့်အဝထိုးစစ်ဆင်မှာကို စိုးရိမ်ကြလို့ ဘေးလွတ်ရာ ထွက်ပြေးကြတာဖြစ်တယ်လို့ ကုလသမဂ္ဂဘက်က မေ ၁၀ ရက် သောကြာနေ့မှာ ပြောပါတယ်။

အစ္စရေးဘက်ကလည်း ထိုးစစ်ဆင်တော့မှာမလို့ မြို့နေလူတွေကို ရွှေ့ပြောင်းကြဖို့ မေ ၆ ရက် တနင်္လာနေ့က ပြောခဲ့တာပါ။ အဲဒီနေ့ကစလို့ တစ်ရက်ကို လူသုံးသောင်းလောက်မြို့ကို စွန့်ခွာနေကြတာမလို့ သောကြာနေ့အရောက်မှာ တစ်သိန်းတစ်သောင်းလောက်အထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ UNICEF က ဆိုပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသထဲက ဟားမက်စ်စစ်သွေးကြွတွေအပေါ် ပြီးခဲ့တဲ့အောက်တိုဘာဒုတိယပတ်ထဲ အစ္စရေး စစ်တပ်က ထိုးစစ်စင်ခဲ့ပြီးနောက် ဂါဇာမြောက်ပိုင်းနဲ့ အလယ်ပိုင်းက ပါလက်စတိုင်းပြည်သူ သိန်းနဲ့ချီ တောင်ပိုင်းက ရာဖာမြို့ကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။

****************************************

 

“အမေရိကန်နဲ့ အီးယူတို့ရဲ့ စစ်ရေးအကူအညီတွေ ထပ်ရမယ့် ယူကရိန်း”

 

ဒီအပတ်ထဲ ရုရှားကျူးကျော်စစ်ကို အလူးအလဲပြန်လည်ခုခံနေရတဲ့ ယူကရိန်းအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ(အီးယူ)တို့ကနေ စစ်ရေးအထောက်အပံ့တွေပေးဖို့ အတည်ပြု ကြေညာလိုက်ကြပါတယ်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ကန်ဒေါ်လာ သန်း ၄၀၀ ပေးမယ့်အကြောင်း အိမ်ဖြူတော်ကနေ မေ ၁၀ ရက် သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

 

အဲဒီအကူအညီတွေထဲ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်းဒုံးကျည်အတွက် ခဲယမ်းတွေနဲ့ လက်နက်တွေ၊ တင့်ကားဖျက် လက်နက်တွေ၊ သံချပ်ကာ ကားတွေနဲ့ တိုက်ပွဲတွေမှာသုံးတဲ့ လက်နက်ငယ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

 

အခု အကူအညီဟာ အမေရိကန်လွှတ်တော်ရဲ့ နိုင်ငံရပ်ခြား အကူအညီ ဒေါ်လာ ၉၅ ဘီလီယံထဲက ယူကရိန်းအတွက် ဒေါ်လာ ၆၀ ဘီလျံကျော်အပြင် သုံးကြိမ်မြောက် ယူကရိန်းကို အရေးပေါ် စစ်ရေးအကူအညီတွေ ပေးတာဖြစ်ပါတယ်။

 

အီးယူဘက်ကလည်း ရုရှားကိုဒဏ်ခတ်အရေးယူပြီး ထိန်းသိမ်းထားတဲ့ ငွေထဲကနေရတဲ့ အမြတ်အစွန်းတွေကို ယူကရိန်းအတွက် လက်နက်ထောက်ပံ့ရာမှာသုံးမယ့်မူဝါဒကို သဘောတူလိုက်ပါတယ်။

 

အဲဒီထဲက ဒီနွေမှာ ယူကရိန်းအတွက် စစ်ရေးအကူအညီ အဓိကပါဝင်တဲ့ ထောက်ပံ့ငွေ ဒေါ်လာ သန်း တစ်ထောင်ပေးဖို့ ရှိနေတာပါ။

 

အနောက်နိုင်ငံတွေမှာရှိတဲ့ ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ ကုမ္ပဏီတွေက ရုရှားပိုင်ငွေ ဒေါ်လာဘီလျံပေါင်းများစွာကို ထိန်းချုပ်ထားတဲ့အပြင် ရုရှားဗဟိုဘဏ် ငွေကြေးဆက်နွယ်မှုတွေကိုပါ ၂၀၂၂ ဖေဖော်ဝါရီမှာ ယူကရိန်းကို ရုရှားကျူးကျော်ချိန်ကတည်းက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

 

ဒီထဲက ၇၀ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ ဒေါ်လာ ဘီလီယံ ၂၀ဝ ကျော်ကို ဘရပ်ဆဲလ်မှာရှိတဲ့ Euroclear ကုမ္ပဏီက ထိန်းချုပ်ထားတာပါ။ ရုရှားရဲ့ငွေကြေးဆက်နွယ်မှုအားလုံးကို အပြည့်အဝထိန်းချုပ်ပြီး ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းကိုပေးဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ နိုင်ငံတွေက အီးယူကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။

 

ယူကရိန်းဟာ သူ့ပိုင်နယ်မြေတွေထဲ ရုရှားကျူးကျော်တိုက်ခိုက်နေမှုတွေ ရပ်ဆိုင်းဖို့ အပြင်းအထန် ကြိုးစားနေရချိန်မှာ အခုလို အမေရိကန်နဲ့ အီးယူတို့ရဲ့ အရေးပေါ် လက်နက်အကူအညီပေးမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့ အရှေ့မြောက် နယ်စပ်ဒေသမှာ နောက်ထပ် စစ်မျက်နှာသစ်တစ်ခု ဖွင့်ပြီး ထိုးစစ်ဆင်ဖို့ လုပ်နေတာပါ။

ယူကရိန်းအရှေ့မြောက်ပိုင်းက ခါကစ်(Kharkiv)နယ်စပ်မြို့နားမှာတော့ ရုရှားတပ်တွေက သောကြာနေ့ မနက်ပိုင်းမှာ ထိုးစစ်ဆင်လာတဲ့အတွက် ယူကရိန်းနဲ့ ရုရှားတပ်တွေကြားတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

****************************************

 

“ဘရာဇီးလ်မှာ မိုးကြီးလို့ လူ ၁၀၀ သေဆုံး”

 

ဘရာဇီးလ်နိုင်ငံ၊ ပေါ်တိုအလက်ဂရီမြို့မှာ အခုရက်သတ္တပတ်ထဲ မိုးရက်ဆက်ကြီးခဲ့တာကြောင့် ဂွမ်အီဘာမြစ်ရေ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

 

ဒါကြောင့် လူဦးရေတစ်သန်းကျော်နေထိုင်တဲ့မြို့မှာ လမ်း၊ အဆောက်အအုံ၊ လေယာဉ်ကွင်းတွေ၊ အားကစားကွင်းကြီးတွေထဲထိ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ရေတိုက်စားမှုတွေကြောင့် လူ ၁၀၀ လောက်သေဆုံးပြီး ၁၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပေါ်တိုအလက်ဂရီမြို့က အာဏာပိုင်တွေက ပြောပါတယ်။

 

ရေဘေးကြောင့် လမ်းတွေ၊ တံတားတွေပျက်စီးပြီး မြေပြိုမှုတွေဖြစ်ခဲ့ပါတယ်။ အများပြည်သူ အရေးပေါ်အခြေအနေကြေညာဖို့ သမ္မတက လွှတ်တော်မှာ တောင်းဆိုခဲ့ပါတယ်။

 

ရေကြီးလို့ လူတစ်သိန်းခြောက်သောင်းကျော် နေအိမ်စွန့်ခွာနေရပါတယ်။