စစ်ရှောင်နေစဉ် မွေးခဲ့သည့်လေးမွှာပူးအတွင်းမှ အသက်ရှင်ကလေးငယ်နှစ်ဦးအနက် တစ်ဦးထပ်မံသေဆုံး၊ ကျန်တစ်ဦး ICU ခန်းတွင်ထားရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လမ်းကူးကျေးရွာရှိ စစ်ရှောင်မိခင်တစ်ဦးက မွေးဖွားခဲ့သည့် လေးမွှာပူးအတွင်းမှ အသက်ရှင်ကျန်ရစ်သည့် ကလေးငယ် နှစ်ဦးအနက် တစ်ဦးထပ်မံသေဆုံးသွားကြောင်း ၎င်းတို့ကိုကူညီပေးခဲ့သည့် လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူက CJ Platform သို့ပြောသည်။
အဆိုပါကလေးနှစ်ဦးကို Save The Trees Rescue Team(STTRT) လူမှုကူညီရေးအသင်းက ရန်ကုန်မြို့၊ ရန်ကင်း ကလေးအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီ ၉ ရက် ညပိုင်းတွင် ထပ်မံအသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ ဦးကျော်သူရက ပြောသည်။
“ရန်ကင်း (ကလေး)ဆေးရုံကြီးမှာ ကလေးငယ်တစ်ဦး ထပ်ဆုံးပါးခဲ့တာမှန်ပါတယ်။ လေးမွှာပူးဆိုတာမျိုးက မြို့က ခွဲစိတ်ဆေးရုံကြီးတွေလို ဆေးရုံကြီးတွေမှာ မွေးမှ အဆင်ပြေမှာပေါ့နော်။ ခုက အရပ်လက်သည်နဲ့လည်းဖြစ်၊ ကျန်းမာရေးအသိတွေကလည်း မရှိကြတော့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးနိုင်ခဲ့တာက ခုလို ဆုံးပါးမှုတွေဖြစ်ခဲ့ရတာပေါ့” ဟု ၎င်းက ပြောသည်။
ထပ်မံ အသက်ဆုံးပါးခဲ့သည့် ကလေးငယ်နှင့် နောက်ဆုံးကျန်ရှိသည့် ကလေးငယ်တို့မှာ မိန်းကလေးများဖြစ်ကြပြီး မွေးဖွားစဉ်က ၂ ပေါင်ဝန်းကျင်သာ အလေးချိန်ရှိခဲ့ကြသည်။
ထိုသို့ ကလေးငယ်တစ်ဦး ထပ်မံဆုံးပါးခဲ့၍ ကျန်ရှိ ကလေးငယ်ကို အထူးကြည့်ရှုစောင့်ရှောက်မှုများပေးအပ်ကာ အထူးကြပ်မတ်ဆောင်(ICU)ခန်းတွင် ထားရှိပြီး အခြေအနေကို စောင့်ကြည့်နေရကြောင်း ကိုကျော်သူရက ထပ်မံပြောကြားသည်။
လေးမွှာပူး စစ်ရှောင်မိခင်သည် တောတွင်းတစ်နေရာ၌ မတ်လ ၂၉ ရက်နေ့က အရပ်လက်သည်ဖြင့် မီးဖွားခဲ့စဉ် ကလေးငယ်သုံးဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့သော်လည်း အားအင်ကုန်ခမ်းခဲ့သည့်အတွက် နောက်ဆုံးကလေးငယ်နှင့်အတူ မိခင်ပါ အသက်ဆုံးပါးခဲ့ရသည်။
ကျန်ရှိ ကလေးငယ် သုံးဦးအနက် တစ်ဦးမှာလည်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အတွက် မွေးဖွားပြီး ၂ ရက်မြောက် မတ်လ ၃၁ ရက်တွင် ထပ်မံဆုံးပါးခဲ့သည်။ ထို့နောက် ကျန်ကလေးငယ် ၂ ဦး၏ ကျန်းမာရေးအတွက် STTRT လူမှုကူညီရေးအသင်းက တောင်ငူဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်မြို့၊ ရန်ကင်း(ကလေး)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်