ရခိုင်တွင် သင်္ကြန်ပျော်ပွဲရွှင်ပွဲများအပါအဝင် လူစုလူဝေးဖြစ်နိုင်သည်များရှောင်ရှားရန် AA သတိပေး
ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်များကြား စစ်ရေးပြင်းထန်နေသည့်အတွက် သင်္ကြန်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများအပါအဝင် လူစုလူဝေးဖြစ်နိုင်သည့်အရာများရှောင်ရှားကြရန် ရခိုင်လူထုကို AA က သတိပေးတားမြစ်ချက် ယနေ့ ဧပြီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီက လူစုလူဝေးများကို စစ်ဘက်၊ အရပ်ဘက်မရွေး ဝေဟင်၊ ရေပြင်၊ မြေပြင် မရွေး ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်နေသည့်အတွက် လူစုလူဝေးများပြုလုပ်ခြင်းကို ရှောင်ရှားရန် AA က တိုက်တွန်းသည်။
ရခိုင်ပြည်အတွင်း နေရာဒေသစုံတွင် AA နှင့် စစ်ကောင်စီတို့ကြား နေ့စဉ်တိုက်ပွဲများဖြစ်ပေါ်နေပြီး AA သိမ်းပိုက်ထားသော ဒေသများသာမက ထပ်မံသိမ်းပိုက်ရန်ကြိုးပမ်းနေသော မြို့များတွင်လည်း လူစုလူဝေးဟုယူဆရသည့်နေရာများကို အလစ်အငိုက်ဖမ်း၍ စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ရန် နေ့စဉ်ကြိုးပမ်းနေသည်ဟု ဆိုသည်။
ထို့ကြောင့် AA က နံနက်ဖြန် ဧပြီ ၁၃ ရက်နေ့မှစတင်ကျရောက်မည့် သင်္ကြန်ကာလအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများ၌ လူစုလူဝေးများပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန်အပါအဝင် လူအများအပြားလိုက်ပါလာသည့် ကားများဖြင့် တစ်နေရာမှ တစ်နေရာသို့ ရေပတ်ခံခြင်း၊ လူစုလူဝေးဖြစ်စေသော သင်္ကြန်မဏ္ဍပ်များ၊ Show ပွဲများပြုလုပ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ လူစုလူဝေးဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူအတန်းများပြုလုပ်ခြင်းတို့ကို လုံးဝမပြုလုပ်ကြရန် မေတ္တာရပ်ခံလိုက်သည်။
စစ်ကောင်စီသည် စစ်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း တိုက်ခိုက်လေ့ရှိသည့်အတွက် သင်္ကြန်ကာလအတွင်း မလိုလားအပ်သည့် အသက်များ အစုလိုက်၊ အပြုံလိုက်သေဆုံး၊ ထိခိုက်မှုများမှ ကြိုတင်ကာကွယ်ရန် အထက်ပါအချက်များကို တိကျစွာလိုက်နာကြရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်း ဈေးဝယ်သူများဖြင့် စည်ကားနေချိန်တွင် ရခိုင်ပြည်၊ စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ကိုရီးယားဆိပ်ကမ်းဈေးအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)