အညာဒေသ ကာကွယ်ရေးတပ်ဖွဲ့အချို့ ရပ်တည်မှု အခက်ကြုံ၊ မိုင်းဆွဲတိုက်ခိုက်မှုသာ အားထားနေရ

Author မင်းထက်
Categories
Published on Apr 12, 2024

အညာဒေသအခြေစိုက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော Peace Takers Task Force(PTTF)အနေဖြင့် ရိက္ခာလိုအပ်ချက်၊ ခဲယမ်းလိုအပ်ချက်များဖြစ်ပေါ်နေကြောင်း တပ်ဖွဲ့ တာ၀န်ခံက CJ Platform သို့ပြောသည်။

 

အဆိုပါကာကွယ်ရေးတပ်ဖွဲ့သည် မုံရွာ-မန္တလေးလမ်းမကြီးနှင့် ချင်းတွင်းမြစ်ကြောင်း‌တစ်လျှောက်တွင် မိုင်းကို အဓိကအားပြု၍ စစ်အာဏာရှင်ကို အမြစ်ပြတ်စေရေးအတွက် တော်လှန်နေသောအဖွဲ့အစည်းတစ်ခုဖြစ်​သည်။

 

“တော်လှန်ရေးအမြန်ပြီးဖို့နဲ့ လုပ်နိုင်တဲ့ဘက်ကနေ အမြဲပါဝင်နိုင်ဖို့ပဲ ခံယူထားတယ်။ လုပ်နိုင်သလောက် အမြဲကြိုးစားပြီးအလုပ်လုပ်နေမှာပါ။ အဖွဲ့စည်းအနေနဲ့ လိုအပ်နေတာကတော့အများကြီးဗျာ။ ပစ္စည်းလိုအပ်ချက် ရန်ပုံငွေလိုအပ်ချက်တွေနဲ့ပဲ တိုင်ပတ်နေတာ။ ရိက္ခာတောင် အနိုင်နိုင်ပဲ” ဟု ယင်းတပ်ဖွဲ့ တာ၀န်ခံက ပြောသည်။

 

မိုင်းကိုသာ အားပြု၍ စစ်ဆင်ရေးများ ဖော်ဆောင်နေရသောကြောင့် အဖွဲ့စည်းအတွက် မိုင်းများပြုလုပ်ရန် ယမ်းမှစ၍ အခြားဆက်စပ်ပစ္စည်းလိုအပ်ချက်များစွာ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။

 

လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်တင်လာသည်နှင့်အညီ တစ်ဖက်တွင်လည်း ကူညီထောက်ပံ့မှု အားနည်းလာခြင်းကြောင့် ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ငယ်များအနေဖြင့် လက်နက်လိုအပ်ချက်၊ ရိက္ခာလိုအပ်ချက်များ ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသည်။

 

ယင်းကဲ့သို့ လိုအပ်ချက်များရှိနေသည့်ကြားမှ ဧပြီလ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့ တပ်မ (၃၃)မှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းမှ ယာဉ်ငါးစီးကို မုံရွာ- ချောင်းဦးလမ်းပိုင်း တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အထိခိုက်များရှိနိုင်ကြောင်း သိရသည်။

 

“အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ ထိခိုက်မှုရှိနိုင်တယ်။ ကားက Jammer ကားမဟုတ်ဘူး။ ခြောက်ဘီးကားတွေ၊ ၁၂ ဘီးကားတွေနဲ့ဗျ။ နှစ်စီးချင်းထွက်တာ။ ပထမတစ်သုတ်ထွက်လာတဲ့ နှစ်စီးက လွတ်သွားတယ်။ ဒုတိယတစ်သုတ် နှစ်စီးထပ်ဖြတ်တော့ နောက်က ကားကို ရှေ့ထွက်ပြောင်း ငါးပြောင်းတစ်ပွိုင့်စီနဲ့ဆွဲခဲ့တာ။ ကားပေါ်ကနေ ပြန်ပစ်သွားပေမဲ့​ အမြန်မောင်းတော့ တစ်ချက်နှစ်ချက်ပဲ ပစ်လိုက်နိုင်တယ်” ဟု အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

အထက်ပါမိုင်းဆွဲတိုက်ခိုက်မှုကို Peace Takers Task Force-PTTF နှင့် The Brightness စသည့် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – Peace Takers Task Force – PTTF