ယင်းမာပင်တွင် အပူရှိန်ပြင်းထန်မှုကြောင့် PDF ရဲဘော်တစ်ဦး ကျဆုံး

Author မင်းထက်
Categories
Published on Apr 12, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အမှတ်(၁) စစ်ဒေသ၊ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ဧပြီ ၉ရက်နေ့ မနက် ၁၀နာရီခန့်က အပူရှိန်ပြင်းထန်မှုကြောင့် ရဲဘော်တစ်ဦး လဲကျကာ ကျဆုံးသွားကြောင်း သိရသည်။

ရဲဘော်စိုးအောင် အသက် (၂၇)နှစ်သည် တာဝန်ထမ်းဆောင်နေရင်း လမ်းခရီးတစ်နေရာ၌ ကျဆုံးခဲ့ခြင်း ဖြစ်ပြီး ဧပြီ ၁၀ရက်နေ့တွင် ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့ကြောင်း ယင်းတပ်မတော် တပ်ရေးအရာရှိ ရဲဘော် ဥက္ကာက ပြောသည်။

” လေ့ကျင့်ရေးသင်တန်းမှန်သမျှ မညီးမညူနဲ့ တက်ခဲ့တယ် သူတို့က ညီအကိုနှစ်ယောက်လုံး ကျွန်တော်တို့တပ်ထဲမှာ မိသားစုအခက်ခဲတွေ ဘယ်လောက်ရှိနေပါစေ တော်လှန်ရေးမလုပ်ရမှာကို သူကသိပ်ကြောက်တယ်” ဟု ကျဆုံးရဲဘော်နှင့် ပက်သက်၍ ရဲဘော် ဥက္ကာက ပြောသည်။

 

ရဲဘော်စိုးအောင်သည်  ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်း ရဲဘော်တစ်ယောက်ဖြစ်ကြောင်း ရောဂါအခံမရှိကြောင်း ၊  ရာသီဥတု အပူရှိန်ပြင်းသောကြောင့်  ရုတ်တရက်သေဆုံးခြင်းသာဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ဓာတ်ပုံ – ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်