နွေစပါး ရေသွင်းဖို့ စက်သုံးဆီ ဝယ်မရတာကြောင့် တောင်သူတွေ အခက်တွေ့

Author CJ Platform
Categories
Published on Mar 12, 2026

နွေစပါး စိုက်ပျိုးနေချိန် လယ်ကွင်းတွေထဲ ရေသွင်းဖို့ စက်သုံးဆီ ဝယ်မရတာကြောင့် တောင်သူတွေ အခက်တွေ့နေရပြီး စပါးပင်တွေ ရေငတ်မှာကို စိတ်ပူနေရတယ်လို့ ဧရာဝတီတိုင်းအတွင်းက တောင်သူတွေက ပြောပါတယ်။

 

အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် စက်သုံးဆီတွေ ရှားပါးလာချိန် ဈေးနှုန်းမြင့်တက်မှုတွေလည်း ကြုံတွေ့နေရပြီး စက်သုံးဆီဆိုင်တွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ဝယ်ယူဖို့ပါ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

 

“ကျွန်တော်တို့က မြို့ပေါ်ကို စက်လှေတွေနဲ့ ဆီမှာတာ၊ အရင်ကဆို စက်လှေဆိပ်မှာပဲ ဆီဝယ်လို့ရတယ်၊ အခုက အဲဒီလို မရတော့ဘူး၊ ဒီဇယ် တစ်လီတာကို ၃,၅၀၀ ကနေ ၄,၀၀၀ ကျော်အထိ ဈေးဖြစ်နေတယ်၊ ဝယ်လို့ကို မရတာ၊ ရေသွင်းဖို့ကို ဒုက္ခရောက်နေတယ်” လို့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ စကားမြားကျေးရွာက တောင်သူတစ်ဦးက ပြောပါတယ်။

 

တောင်သူတွေမှာ စက်သုံးဆီ ဝယ်ယူနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ကိုပါ ရယူနေရသလို ထောက်ခံစာ ရရှိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုပါ ပိုက်ဆံပေးနေရတယ်လို့လည်း သိရပါတယ်။

 

“ထောက်ခံစာတစ်စောင် ၃,၀၀၀ ပေးရတယ်၊ ထောက်ခံစာပါရင်တောင် ဆီက ဝယ်ချင်မှ ဝယ်လို့ရတာ၊ ပုံးနဲ့ မရောင်းလို့ မရလာဘူးဆိုတာ ရှိသေးတယ်” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် စက်သုံးဆီအသုံးပြုပြီး သွားလာနေရတဲ့ ထော်လာဂျီတွေ၊ ပဲရိတ်သိမ်းရာမှာ အသုံးပြုနေရတဲ့ ခြွေလှေ့စက်တွေအတွက်ပါ စက်သုံးဆီ ဝယ်မရတာကြောင့် ပဲစိုက်တောင်သူတွေမှာလည်း အခက်ကြုံနေရပါတယ်။

 

စစ်အုပ်စုက စက်သုံးဆီချွေတာရေးဆိုကာ မော်တော်ယာဉ်တွေကို စုံ၊ မ ခွဲခြားကာ သွားလာစေတာ၊ ဆီရောင်းချပေးတာတွေ လုပ်ဆောင်နေပေမယ့် ကျေးလက်ဒေသတွေမှာ အဓိက အသုံးပြုနေရတဲ့ ထော်လာဂျီတွေ၊ ရေတင်စက်တွေနဲ့ ရိတ်သိမ်းခြွေလှေ့စက်တွေအတွက် စက်သုံးဆီတွေ သီးခြားရောင်းချပေးဖို့ ညွှန်ကြားထားတာ မရှိပါဘူး။

 

ဒါ့အပြင် ထော်လာဂျီယာဉ်တွေအတွက် သီးခြား ညွှန်ကြားချက် မရှိတာကြောင့် ကျေးရွာတွေကနေ မြို့ပေါ်ကို ကုန်စည်တွေ ပို့ဆောင်ရာမှာ အခက်အခဲကြုံတွေ့ရပြီး ယာဉ်ထိန်းရဲတွေအပါအဝင် စစ်အုပ်စုရဲ့ စုပေါင်းအဖွဲ့တွေက မကြာခဏ ဖမ်းဆီးငွေညှစ်တာကို ကြုံတွေ့နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။