ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံး
ယောဒေသအတွင်းရှိ ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာကို စစ်အုပ်စုက မတ် ၁၀ ရက်၊ နေ့လယ် ၁ နာရီ ၅၁ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးဖြစ်သူ အသက် ၃၃နှစ်အရွယ် ဦးတင်ဇော်ဦးမှာ နေတွင် သေဆုံးခဲ့ပြီး အသက် ၂၃နှစ်အရွယ် ဒေါ်စန္ဒာဝင်းမှာ ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ အသွားမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗုံးကြဲမှုကြောင့် နေအိမ် ၇ လုံး ပျက်စီးခဲ့ပြီး အိမ်မွေးဝက် ၁၀ ကောင် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပွဲချင်းပြီး သေသွားတဲ့ကောင်လေးက လေယာဉ်အလာမှာ ဖုန်းမေ့ကျန်ခဲ့လို့ သွားအယူမှာ အပစ်နဲ့ညားတာ။ အမျိုးသမီးကတော့ လေယာဉ်လာလို့ ပြေးတာမှာ အစမှန်ပြီး သေတာ” လို့ ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်ဝေက ပြောပါတယ်။
စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောင်းကြီးရွာကို ဗုံးကြဲခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
သေဆုံးသူ ဦးတင်ဇော်ဦးမှာ မြောက်ခင်ရန်းကျေးရွာကနေ စစ်ဘေးရှောင်လာပြီး မြောင်းကြီးကျေးရွာမှာ အိမ်ငှားနေထိုင်ကာ ပြောင်းရွှေ့နေထိုင်တာ တစ်လတောင် မပြည့်သေးကြောင်း သိရပါတယ်။
“သူက မြောက်ခင်ရန်းကနေ စစ်ဘေးရှောင်နေတာ။ အိမ်ကလည်း ခရီးသွားနေတဲ့သူများအိမ်ကို ငှားနေရတာ။ အိမ်ငှားနေတာ တစ်လတောင် မပြည့်သေးဘူး။ လေးတန်းအရွယ် သမီးလေး ၁ ဦး ကျန်ခဲ့တယ်။ ကလေးအမေကလည်း အဝေးရောက်နေတာ” လို့ ဦးမြင့်ဝေက ဆက်ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့သူ ဒေါ်စန္ဒာဝင်းမှာလည်း တစ်နှစ်အရွယ် သားယောက်ျားလေး ၁ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
“အိမ်တွေက အသစ်တွေပဲ ရှိသေးတာ။ အိမ်ခွဲနေကြတဲ့ အိမ်ထောင်စုတွေလေ။ အိမ်တက်လုပ်ပြီး ပြောင်းနေကြတာ လပိုင်းပဲ ရှိကြသေးတာ။ အိမ်အသစ်တွေမို့ ဗုံးခိုကျင်းလည်း မတူးချင်ကြဘူးလေ” လို့ ဒေသခံပြည်သူ ဦးမြင့်မိုး (အမည်လွှဲ) က ပြောပါတယ်။
စစ်ကောင်စီဟာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်ကလည်း ကျောက်ထုတိုက်နယ်အတွင်းရှိ မိအယ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ်ကလည်း အမျိုးသမီး ၅ ဦး သေဆုံးခဲ့ရပါတယ်။








