မြောက်ဦးဆေးရုံဗုံးကြဲမှုကို ထောက်ခံတဲ့ စစ်ထောက်လှမ်းရေးဟောင်း  ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း


အရပ်သားပြည်သူတွေနဲ့ ဒီမိုကရေစီလိုလားသူတွေကို ဖိနှိပ်ဖမ်းဆီးမှုတွေကို လုပ်ဆောင်ခဲ့တဲ့ စစ်ထောက်လှမ်းရေးတပ်မှ ဗိုလ်ကြီးဟောင်း ဦးအေးဆက်ဟာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကို ဝင်ရောက်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေတယ်လို့ ပြည်သူ့ပါတီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်နေ့ ညနေပိုင်းမှာ ပြည်သူ့ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဆုံဆည်းရာလို့ အမည်ပေးထားတဲ့ မဲဆွယ်စည်းရုံးမှု စကားဝိုင်းကို ထုတ်လွှင့်ခဲ့ပြီး အဲဒီစကားဝိုင်းအတွင်းမှာ ဦးကိုကိုကြီးနဲ့ ဦးအေးဆက်တို့ ပါဝင်ဆွေးနွေးထားတာကို တွေ့ရပါတယ်။

 

စကားဝိုင်းအတွင်း ဆွေးနွေးမှုထဲမှာ ဦးအေးဆက်ဟာ ၈၈အရေးခင်းကာလအလွန်မှာ ဦးကိုကိုကြီးကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့အတွင်းမှာ ပါဝင်ခဲ့သူဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

“ဖမ်းခံရတော့ ကိုအေးဆက်ပြန်ပြောပြတော့မှ ဦးကိုကိုကြီးကို ကျွန်တော်က တွေ့တယ်တဲ့၊ ဦးကိုကိုကြီးက ကျွန်တော့်ကို မတွေ့ဘူးတဲ့။ ဘာဖြစ်လို့လဲပေါ့။ ဆိုတော့ ခေါင်းစွပ်ကြီးနဲ့တဲ့”လို့ ဦးကိုကိုကြီးက ပြောပါတယ်။

 

ဦးအေးဆက်ဟာ မြန်မာနိုင်ငံရဲ့ ပထမအာဏာရှင်မျိုးဆက်ဖြစ်တဲ့ ဦးနေဝင်း အာဏာမသိမ်းယူမီ အချိန်က ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၈၈အရေးအခင်းအလွန် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို ဝင်ရောက်ကာ စစ်ထောက်လှမ်းအရေး လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ သူကိုယ်တိုင် ဆုံဆည်းရာဆိုတဲ့ စကားဝိုင်းအတွင်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

 

“ကျွန်တော်ကတော့ ၁၉၈၈ ဖြစ်တဲ့အချိန်မှာ ကျွန်တော် ဌာနဆိုင်ရာတစ်ခုမှာ အလုပ်လုပ်နေတဲ့အချိန်၊ စစ်မှုထမ်းတောင် မဖြစ်သေးပါဘူး အရေးအခင်းဖြစ်တဲ့အချိန်ပေါ့ ။အဲမှာ လုပ်နေရင်းနဲ့  ၈၈ ဒီလှုပ်ရှားမှုကြီးလည်း ပေါ်ပေါက်လာပြီးတော့ တပ်မတော်က တာဝန် လွှဲပြောင်းရယူတဲ့ အချိန်ကာလကျမှ ကျွန်တော်က အဲဒီ လုပ်နေတဲ့ ဌာနကနေပြီးတော့ ထွက်စာတင်။ မနက်ပိုင်း ထွက်စာကျတာနဲ့ ညနေပိုင်းမှာ တပ်ထဲကို တပ်သားသစ်အနေနဲ့ ဝင်ပြီး ထမ်းဆောင်ခဲ့တယ်။ ၈၈ ဒီဇင်ဘာ ၁ ရက်နေ့ မှတ်မှတ်ရရ ကျွန်တော့်မွေးနေ့ပဲ။ ကျွန်တော်က တစ်လကို ကြိုတင်ပြီးတော့ လုပ်သက်ခွင့်ယူလိုက်တယ်။ ယူပြီးတော့ လုပ်သက်ခွင့်ပြည့်သည့် နောက်တစ်ရက်မှ စ၍ အလုပ်မှ နှုတ်ထွက်ခွင့်ပြုပါ။ နောက်တင် တင် မနက်ပိုင်းမှ စ၍ အလုပ်မှ နှုတ်ထွက်ခွင့်ပြုပါဆို တင်လိုက်တယ်။ အဲဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်တယ်၊ ညနေပိုင်းမှာ ကျွန်တော် တပ်သားသစ်နဲ့ ဝင်လိုက်တာပေါ့နော်”လို့ ဦးအေးဆက်က ပြောပါတယ်။

 

ဒါ့အပြင် ဦးအေးဆက်ဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ စစ်တပ်နှင့် ယခင်စစ်ထောက်လှမ်းရေး အပေါ် အမွှန်းတင် ရေးသားမှုတွေ လုပ်ဆောင်လေ့ရှိတဲ့အပြင် အခု ဒီဇင်ဘာ ၁၀ရက်နေ့မှာ စစ်အုပ်စုက မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအပေါ်မှာလည်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူ စစ်အုပ်စုဘက်ကနေ ထောက်ခံရေးသားထားမှုကို တွေ့ရှိရပါတယ်။

 

 

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီမှာ စစ်ထောက်လှမ်းရေးကနေ ထွက်လာရသူ စစ်သားတွေ တစ်ဦးထက်မက ပါဝင်နေတာကို တွေ့ရှိရပြီး မကြာမီရက်ပိုင်းအတွင်းက ဆုံးပါးသွားတဲ့ ပြည်သူ့ပါတီက ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဌေးဟာလည်း ထောက်လှမ်းရေးဟောင်းတစ်ဦးပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့ပါတီ

ပုံစာ – ဦးကိုကိုကြီးနှင့်အတူ ဦးအေးဆက်ကို မြင်ရပုံ

 

 

 

Related News

Depend on news