ဟတ်ယိုင်က စာသင်ကျောင်း ပစ်ခတ်ခံရမှုအတွင်း ကျောင်းအုပ်ဆရာမကြီး သေဆုံး

Author CJ Platform
Categories
Published on Feb 12, 2026

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်၊ ပါတွန် (Patong) ကျေးရွာအုပ်စုထဲက စာသင်ကျောင်း ပစ်ခတ်ခံရချိန် ကျောင်းသားကျောင်းသူတွေကို အကာအကွယ်ပေးရင်း ကျောင်းအုပ်ဆရာမကြီး ထိခိုက်ဒဏ်ရာရကာ သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

ပါတွန်ကျေးရွာအုပ်စုထဲက ပါတွန် ပရာသန်ခီရီဝပ် (Patong Prathan Khiriwat) စာသင်ကျောင်းကို အသက် ၁၈ နှစ်အရွယ် သေနတ်သမားတစ်ဦးက မနေ့ ဖေဖော်ဝါရီ ၁၁ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ကျောင်းသားတွေကို ကာကွယ်ရင်း ရင်ဘတ်ကို ကျည်ထိမှန် ဒဏ်ရာရခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး ဆာစီဖတ်ချရာ ဆင်းဆုမ်း (Sasiphat Sinsohm) ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ မနက် ၂ နာရီက ဆုန်ခလာဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေချိန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

သေနတ်ပစ်ခတ်ခံရမှုအတွင်း ကျောင်းအုပ်ဆရာမကြီးနဲ့အတူ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးလည်း ဝမ်းဗိုက်ကို ‌ကျည်ဆန်ထိမှန်ခဲ့တာကြောင့် ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေရသလို အခြားကျောင်းသူတစ်ဦးလည်း အမြင့်တစ်နေရာကနေ ခုန်ချခဲ့တာကြောင့် ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ပစ်ခတ်မှုမဖြစ်ပွားမီ အစောပိုင်းက အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဟာ စာသင်ကျောင်းအနီးက သူ့ရဲ့မိခင်နေအိမ်မှာ အကြမ်းဖက်ရန်ပြုမှုတွေ လုပ်ဆောင်နေတာကြောင့် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားနေချိန်မှာ သေနတ်သမားက ရဲတပ်ဖွဲ့ဆီကနေ M4 ရိုင်ဖယ်သေနတ်ကို လုယူသွားတယ်လို့ ဆိုပါတယ်။

 

အဲဒီနောက် သေနတ်သမားဟာ စာသင်ကျောင်းကို သွားရောက်ခဲ့ပြီး သူ့ရဲ့ ညီမဖြစ်သူကို စည်းကမ်းပိုင်းဆိုင်ရာ ဆုံးမခဲ့တဲ့ ဆရာမတစ်ဦးကို ရှာဖွေခဲ့ကာ ဆရာမအနေနဲ့ သူ့ကို မတွေ့ဆုံရင် ကျောင်းကို အကြမ်းဖက်မှု လုပ်ဆောင်မယ်လို့ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေနဲ့ မျက်မြင်သက်သေတွေကလည်း ပြောဆိုပါတယ်။

 

စာသင်ကျောင်းအတွင်း အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်‌ သေနတ်သမားကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Khaosod ၊ Bangkok Post