NUG ပညာရေးဝန်ကြီးအသစ်အဖြစ် ဂျာထွယ်ပန်အား ခန့်အပ်မှုကို ပညာရေးဘုတ်အဖွဲ့များကောင်စီက ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်

Author CJ Platform
Categories
Published on Dec 12, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့အတွင်းမှာ ပညာရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဂျာထွယ်ပန်ကို ခန့်အပ်တာဝန်ပေးမှုနဲ့ပတ်သက်ပြီး အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကောင်စီ (CBBE) က ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

 

ပညာရေးဘုတ်အဖွဲ့များကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပညာရေးဝန်ကြီး ခန့်အပ်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရေးအဖွဲ့စည်းတွေ ရဲ့ သဘောထားကို လျစ်လျူရှုခြင်း၊ အရည်အချင်းနှင့် ဦးဆောင်နိုင်မှု လိုအပ်ချက်ရှိနေခြင်း၊ လူထုနှင့် ပညာရေးမိသားစု၏ ထောက်ခံမှု မရှိခြင်း စတဲ့ အချက်တွေကို အခြေခံပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်း အသိပေးထားပါတယ်။

 

ပညာရေးကဏ္ဍ အပြောင်းအလဲအတွက် အရေးပါတဲ့နေရာတွေမှာ ခေါင်းဆောင်ရေး အရာထမ်းရွေးချယ်ရာတွင် မြေပြင်မှာ လက်တွေ့လုပ်ကိုင်နေသူ ဆရာ၊ ဆရာမတွေအပါအဝင် ပညာရေးဘုတ်အဖွဲ့တွေ၊ သမဂ္ဂတွေ ရဲ့ သဘောထားဆန္ဒကို စစ်တမ်းကောက်ယူခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း မရှိဘဲ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ တဖက်သတ်ဆုံးဖြတ် ခန့်အပ်ထားခြင်းဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိကြောင်းလည်း ဆိုထားပါတယ်။

 

လက်ရှိ ပညာရေးအခင်းအကျင်း ပြုပြင်ပြောင်းလဲရေးကဏ္ဍမှာ ထိရောက်စွာ လုပ်ဆောင်နိုင်မယ့် အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံ ရင့်ကျက်သူကို လိုအပ်လျက်ရှိနေပြီး ပြုပြင်ပြောင်းလဲရေးမှာ ခန့်အပ်ထားသူဟာ ပညာရေးဆိုင်ရာ စီမံခန့်ခွဲရေး ကျွမ်းကျင်မှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ ပြည့်ဝမှု မရှိကြောင်းကို သူ့ရဲ့ ဒုတိယ ဝန်ကြီးသက်တမ်းကာလတစ်လျှောက် တွေ့ရှိရချက်အပေါ်မူတည်ပြီး “ကောင်းမွန်သော ပညာရေးစနစ်တစ်ခု ဖော်ဆောင်နိုင်မည် မဟုတ်”ကြောင်း ထောက်ပြထားပါတယ်။

 

ဒါ့အပြင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဟာ ကျောင်းသား၊ မိဘ၊ ပြည်သူနဲ့ ဆရာထုတရပ်လုံးရဲ့ လက်ခံနှစ်သက်မှု (Public Trust) အားနည်းတဲ့သူ ဖြစ်သလို ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ အခက်အခဲ ပိုမြင့်တက်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထု အပ်နှင်းလိုက်တဲ့ အာဏာကို ကျင့်သုံးကာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် ဒုတိယသမ္မတ (ယာယီသမ္မတ) ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပါအဝင် (၂၉) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ကြေညာထားပါတယ်။

 

 

Related News

Depend on news